ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုဟာ ဒီတစ်ပတ်မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမတိုင်မီမှာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီး အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ကြွက်သားဒဏ်ရာကြောင့် ဖာနန်ဒင်ဟိုဟာ အနားယူနေရတာလို့ သိရပါတယ်။
ဖာနန်ဒင်ဟို မပါဝင်နိုင်ခဲ့တဲ့ ပဲလေ့ ၊ လက်စတာစီးတီးတို့နဲ့ ပွဲတွေမှာ မန်စီးတီးအသင်း (၂)ပွဲဆက် အရေးနိမ်ခဲ့ပါတယ်။ ဒီအတွက် မန်စီးတီးအသင်းရဲ့ ခံစစ်ကြောင်းမှာလည်း အားနည်းမှုတွေ ရှိလာခဲ့ပြီး ဖာနန်ဒင်ဟိုနေရာမှာ ဝင်ရောက်ကစားပေးတဲ့ ဂန်ဒိုဂန်ကလည်း ပုံမှန်ကစားနေကျ နေရာမဟုတ်တဲ့အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒဏ်ရာကနေ ပြန်လည်သက်သာလာတာဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂွာဒီယိုလာအတွက် စိတ်သက်သာရာ ရစေခဲ့ပါတယ်။ မန်စီးတိးအသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ ဖာနန်ဒင်ဟိုအနေနဲ့ လီဗာပူးလ်နဲ့ ကစားရမယ့် ဇန်နဝါရီ(၃)ရက်နေ့ ပွဲအတွက်လည်း အချိန်မီပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ခံစစ်တန်းရှေ့မှာ အသင်းကွင်းလယ်ကို ထိန်းချုပ်ကစားပေးနေခဲ့ပြီး ပြိုင်ဘက်အသင်းတိုက်စစ်ကို ဟန့်တားနိုင်စွမ်းရှိတဲ့ ဖာနန်ဒင်ဟိုဟာ ဂွာဒီယိုလာရဲ့ အားထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖာနန်ဒင်ဟိုရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် ကစားသမားကို ဂွာဒီယိုလာ ရှာဖွေနေရဆဲလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့အတူတူ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ရာကနေ (၂)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီးနောက် မန်စီးတီးဟာ လီဗာပူးလ်နဲ့ (၇)မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဇန်နဝါရီလ (၃)ရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲဟာ မန်စီးတီးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး မဖြစ်မနေ အနိုင်ကစားရမှာပါ။ လီဗာပူးလ်ဟာ ဒီတစ်ပတ်မှာ အာဆင်နယ်နဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ်နေတဲ့အချိန်မှာ အခွင့်အရေးကို အရယူနိုင်ဖို့လည်း မန်စိးတီးတို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။