အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား အိုဇေးလ်ဟာ ဒူးဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ အန်းဖီးလ်ကွင်းကို ထွက်ခွာသွားတဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
အိုဇေးလ်ဟာ ခြောက်ပတ်အတွင်းမှာ ဘန်လေအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့ Boxing Day ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရသူဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ပြင်းထန်တဲ့အဝေးကွင်းပွဲစဉ်အတွက် အိုဇေးလ်ကစားမှာကို စိုးရိမ်ပူပင်ကြောင်းပြောကြားခဲ့ပြီးနောက် သောကြာနေ့ညနေမှာ မာဆေးဆိုဒ်ကို ရောက်ရှိလာတဲ့ အာဆင်နယ်အသင်းလူစာရင်းမှာ အိုဇေးလ်ကို မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အိုဇေးလ်မပါဝင်လာမှုဟာ အသေးစားဒူးဒဏ်ရာပြဿနာကြောင့်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အိုဇေးလ်ဟာ သောကြာနေ့နံနက်ကပဲ အာဆင်နယ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးပြုလုပ်ခဲ့ပေမယ့် လေ့ကျင့်ရေးပြုလုပ်နေတုန်းမှာ ဒူးဒဏ်ရာကြောင့် နာကျင်မှုကို ခံစားနေရကြောင်း စောဒကတက်ခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ်အစောပိုင်းမှာ အာဆင်နယ်အသင်းနဲ့ တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ တန်ဖိုးရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အိုဇေးလ်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး နည်းပြအမ်မရီ အထင်ကြီးလေးစားလောက်တဲ့ခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။