မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားက လာမယ့်အပတ် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီမှာ အသင်းအနေနဲ့ နောက်ထပ် ကစားသမား ၁ ဦး သို့မဟုတ် ၂ ဦးအထိ အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့က လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားအတွက် လက်စတာစီးတီးအသင်းနဲ့ပြောင်းရွှေ့ကြေးကို သဘောတူညီခဲ့ပြီးနောက် ယခုနွေရာသီ တတိယမြောက် ကစားသမားခေါ်ယူမှုပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး ဆေးစစ်မှုခံယူဖို့နဲ့ စာချုပ်ပါအချက်အလက်တွေကို ဆွေးနွေးဖို့သာကျန်တော့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မက်ဂွိုင်းယားနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ကိစ္စကို မှတ်ချက်ပေးဖို့ တွန့်ဆုတ်နေပေမယ့်လည်း လာမယ့်ရက်တွေမှာ အသင်းလူစာရင်းကို နောက်ထပ်ကစားသမားတွေ ထပ်ထည့်နိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျူဗင်တပ်ကြယ်ပွင့် ဒီဘာလာတို့ကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပြီး နည်းပြဆိုးလ်ရှားက ယူနိုက်တက်အနေနဲ့ နောက်ထပ်ကစားသမား ၁ ဦးကနေ ၂ ဦးအထိ ခေါ်ယူနိုင်ဦးမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ သဘောတူညီမှု ၁ ခု ဒါမှမဟုတ် ၂ ခုလောက်အထိ လုပ်နိုင်မယ်လို့ မျှော်လင့်နေဆဲပါ”
“အဲဒီကိစ္စတွေအတွက် ကျွန်တော်တို့ လုပ်နေခဲ့တာ ကြာပါပြီ။ အဲဒါတွေက လိုတာထက် ပိုကြာနေတဲ့အချိန်မှာ ရုတ်တရက်လည်း သဘောတူညီမှုလည်း ရနိုင်ပါတယ်”
“အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့မှာ ပစ်မှတ်တွေရှိပါတယ်။ ဒါပေမယ့် နည်းပြအဖြစ်တော့ ခင်ဗျား ကွင်းထဲကို သွားပြီး ခင်ဗျားမှာရှိတဲ့တစ်ယောက်နဲ့ အလုပ်လုပ်ရမှာပါ”လို့ အေစီမီလန်နဲ့ပွဲမတိုင်မီ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။