လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်ကို လွဲချော်လိမ့်မယ်လို့ အတည်ပြုပြောကြားခဲ့ပြီး မာနေးဟာ ပရီးမီးယားလိဂ်ရာသီမစတင်မီမှာ လေ့ကျင့်ရေးပြန်ဆင်းနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဆာဒီယိုမာနေးဟာ ဆီနီဂေါလက်ရွေးစင်အသင်းကိုလည်း အာဖရိကဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး အယ်လ်ဂျီးရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မာနေးဟာ လက်ရွေးစင်အသင်းအတွက် ယခုနွေရာသီမှာ အလုပ်များခဲ့တဲ့အတွက် သြဂုတ်လ ၄ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်းလုပွဲကို လွဲချော်မှာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် နောဝှစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ ၄ ရက်လောက်မှ အသင်းကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
“သူ ကောင်းမွန်တဲ့ပုံစံမှာ ရှိနေပါတယ်။ သူတို့တွေ ဆီနီဂေါမှာ အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့တာ သိသာပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ဟာ ပြိုင်ပွဲကို လေးစားမှု ပြသခဲ့တာဖြစ်ပြီး ဒုတိယရတာကိုလည်း အောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့တာမို့လို့ပါ။ အဲဒါ ကောင်းပါတယ်”
“သူက အခုအားလပ်ရက်အနားယူနေပါတယ်။ အကြာကြီးတော့မဟုတ်ပါဘူး။ သူ သြဂုတ်လ ၅ ရက်နေ့မှာ ပြန်လာပါလိမ့်မယ်။ မန်ချက်စတာစီးတီးပွဲစဉ်အပြီးမှာပေါ့။ အဲဒါက သူ့အတွက် အနားယူဖို့ ၂ ပတ်အချိန်ရသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ”
“နော်ဝှစ်ချ်နဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်စရာ ၄ ရက် ဒါမှမဟုတ် ၅ ရက်လောက်ရှိပါသေးတယ်။ ချယ်ဆီးနဲ့ပွဲအတွက်ကတော့ ၁၀ ရက်ပေါ့(ဥရောပစူပါဖလားပွဲစဉ်အတွက်)”လို့ အသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။