ဆီနီဂေါတိုက်စစ်မှူးဟာ အာဖရိကဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းကို ဗိုလ်လုပွဲအထိပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် (၁၆)ရက်ကြာ အားလပ်ရက်ရရှိထားသူဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြကလော့ပ်က တိုက်စစ်မှူးဆာဒီယိုမာနေးဟာ မန်စီးတီးနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်းလုပွဲကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ အာဖရိကဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းကို ဗိုလ်လုပွဲအထိပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် (၁၆)ရက်ကြာ အားလပ်ရက်ရရှိထားသူဖြစ်ပါတယ်။
ဆာလာ နဲ့ ဖာမီနိုတို့ကတော့ အန်ဖီးလ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဝင်ဘလေမှာ ကစားရမယ့် ပွဲစဉ်ကို ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဘရာဇီးလ်ဂိုးသမားအယ်လစ်ဆန်ကလည်း ပွဲထွက်ပါဝင်ဖွယ်ရှိနေပြီး ရာသီကြိုပွဲစဉ်တွေမှာ အသင်းအတွက်လက်စွမ်းမပြနိုင်ခဲ့တဲ့ ဆိုင်မွန်မစ်ဂ်နိုလက်ကြောင့် ကလော့ပ်က သူ့ရဲ့အားထားရတဲ့ဂိုးသမားကိုသာ ပွဲထွက်စေဖွယ်ရှိနေပါတယ်။
ဒါပေမယ့်လည်း မာနေးအနေနဲ့ နော်ဝှစ်ချ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကိုတော့ ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ ကလော့ပ်က ယုံကြည်နေပါတယ်။ မာနေးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ကလော့ပ်က အခုလိုပဲ ပြောသွားခဲ့ပါတယ်။
"ဆာဒီယိုက အားလပ်ရက် (၁၆)ရက် ရရှိထားတာပါ၊ သူက ပုံစံကောင်းနဲ့ ပြန်လာနိုင်ပါလိမ့်မယ်၊ သူအများကြီးစားသောက်လာမှာတော့ မဟုတ်ပါဘူး၊ သူ့မှာလေ့ကျင့်ခန်းအစီအစဉ်တွေရှိပါတယ်၊ အားလပ်ရက်တွေမှာ သူ လေ့ကျင့်မှုအနည်းငယ်တော့ ပြုလုပ်နေမှာပါ၊ ဒီအတွက် သူ အခြေအနေကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ယာဂင်ကလော့ပ် ပြောသွားခဲ့ပါတယ်။
မန်စီးတီးအသင်းမှာလည်း အဓိကကွင်းလယ်လူ ဖာနန်ဒင်ဟိုပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဖာနန်ဒင်ဟိုကလည်း ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးလ်အတွက် ပါဝင်ကစားပေးခဲ့ပြီး လက်ရှိအချိန်ထိ အသင်းနဲ့ ပူးပေါင်းခြင်းမရှိရသေးတာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကိုတော့ စနေနေ့ည (၈း၃၀) နာရီမှာ ကစားသွားကြမှာဖြစ်ပါတယ်။