လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ဟာ ယမန်နေ့က လိုင်လီကြယ်ပွင့် နီကိုးလတ်စ်ပီပီကို ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း L’Equipe ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုးလတ်စ်ပီပီကို လီဗာပူး၊ အာဆင်နယ်အသင်းတို့နဲ့အပြိုင် အင်တာမီလန်အသင်းကလည်း ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး ပီပီကို ခေါ်ယူမယ့်ပြိုင်ပွဲက ပိုမိုကြီးမားကျယ်ပြန့်လာလိမ့်မယ်လို့ L’Equipe က ဖော်ပြခဲ့ပါတယ်။
လိုင်လီကြယ်ပွင့် ပီပီဟာ အာဆင်နယ်၊ လီဗာပူး၊ အင်တာမီလန်အသင်းတို့ကို ပြောင်းရွှေ့လိုခြင်းမရှိဘူးလို့ သိရပြီး လိုင်လီအသင်းဟာ အခြားဖြစ်နိုင်ဖွယ်အသင်းတွေကို ချဉ်းကပ်ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။
နာပိုလီနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ဝယ်ယူဖို့ဖြစ်နိုင်ဖွယ်ရှိတဲ့အသင်းတွေအဖြစ် ထွက်ပေါ်လာခဲ့ပြီး လိုင်လီအသင်းက နီကိုးလတ်စ်ပီပီအတွက် ယူရိုသန်း ၈၀ လိုချင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့ဘတ်ဂျက်ဟာ ပေါင်သန်း ၄၀ ဝန်းကျင်သာ ရှိတယ်လို့ ယုံကြည်ရပြီး နီကိုးလတ်စ်ပီပီကို ခေါ်ယူနိုင်လောက်တဲ့အနေအထားမရှိသလို လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ကလည်း ယခုနွေရာသီမှာ ကြီးမားတဲ့အပြောင်းအရွှေ့မျိုး အသင်းက ပြုလုပ်လိုခြင်းမရှိဘူးလို့ ပြောကြားထားပါတယ်။
“ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ။ ဒီနွေရာသီက လီဗာပူးအသင်းရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့ဈေးကွက်ဖြစ်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်မှာ အသင်းကို ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်တိုင်း ကြီးမားတဲ့အပြောင်းအရွှေ့မပြုလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဆင်ပြေပါတယ်။ အသင်းနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်နေပြီး ကျွန်တော်တို့အားလုံး တကယ်ကို ပျော်ရွှင်နေပါတယ်”
“ကျွန်တော်တို့ တကယ်လို့ နေရာတစ်နေရာကို တွေ့ကောင်းတွေ့နိုင်မယ်ဆိုရင် ကျွန်တော်တို့ ကြည့်ရမှာပါ။ တကယ်လို့ အဲဒီအတွက် တစ်စုံတရာတွေ့ရှိခဲ့ပြီး အဲဒါက ဖိအားအစစ်မဟုတ်ဘူးဆိုရင် ကစားသမားခေါ်ယူမှုဖြစ်လာမှာမဟုတ်ပါဘူး။ အခြေအနေအားလုံးအတွက် ကျွန်တော်တို့မှာ ဖြေရှင်းနည်းရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။