ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အဖြစ် အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီမှာ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ်ရဲ့လက်စွမ်းပြမှုနဲ့အတူ အဲဗာတန်အသင်းက လီဗာပူးလ်ဆီက အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။
ချန်ပီယံပြေးလမ်းအတွက် အမှားမခံနိုင်တော့အခြေအနေမှာ မာဆေးဆိုက်ဒါဘီပွဲကစားခဲ့ရတဲ့ ယာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာ အိမ်ရှင်အဲဗာတန်ကို ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့ပေမယ့် အဲဗာတန်ခံစစ်ရဲ့မာကျောမှုကြောင့်ဂိုးမရရှိပဲ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အမှတ်ဆုံးရှုံးခဲ့ရင် မန်စီးတီးနဲ့ အမှတ်ကွာပြီး ချန်ပီယံဆုအတွက်ဖိအားဝင်သွားနိုင်တဲ့အတွက် လီဗာပူးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကိုဦးစားပေးပြီး တိုက်စစ်ကို ပိုမိုအားထည့်ကစားခဲ့ပါတယ်။ ပွဲချိန် ၂၉မိနစ်မှာ ဆာလာဂိုးသမားနဲ့တစ်ဦးချင်းအနေအထားနဲ့အပိုင်ကန်ခွင့်ရခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ် အံ့အားသင့်ဖွယ်ကာကွယ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
နည်းပြ ယာဂင်ကလော့ပ်ဟာ ပထမအကျော့ပွဲစဉ်တုန်းက တစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တဲ့ အိုရီဂီကို ဆာလာ၊ မာနေးတို့နဲ့တွဲဖက်ခဲ့ပြီး ဖာမီနိုကိုအရန်ခုံပို့ခဲ့ပေမယ့် အိုရီဂီကစားပုံကမလုပ်မဖြစ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ အိုရီဂီအစား ဖာမီနိုကို ပြန်လည်ထည့်သွင်းခဲ့ရပါတယ်။ အဲဗာတန်ခံစစ်ဟာ အမှားအယွင်းမရှိသလောက်နည်းပြီး ဂိုးသမား ပစ်ဖို့ဒ်ကလည်း လီဗာပူးလ်ရဲ့ကန်သွင်းချက်တွေကိုကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်တိုက်စစ် ထင်တိုင်းမပေါက်ခဲ့ပါဘူး။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာဘောလုံးပိုင်ဆိုင်မှု ၆၂ရာခိုင်နှုန်းအထိရယူပြီး အဲဗာတန်ကိုဖိကစားခဲ့ပေမယ့်လည်း လိုအပ်တဲ့သွင်းဂိုးကိုတော့မရခဲ့ပါဘူး။ လီဗာပူးလ်အသင်းဟာ အဲဗာတန်နဲ့သရေကျခဲ့လို့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)အပြီးမှာ ရမှတ် ၇၀နဲ့ မန်စီးတီးအသင်းနောက် တစ်မှတ်အကွာ အဆင့်(၂)နေရာမှာရပ်တည်နေပါတယ်။ လက်ရှိအနေအထားအရ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ဟာ လက်ကျန်ပွဲတွေမှာ အမှားမခံတော့တဲ့အနေအထားကိုရောက်ခဲ့ပြီး မန်စီးတီးအသင်းရဲ့ပွဲရလဒ်တွေကိုလည်း စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။