ဘုန်းမောက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအစောပိုင်းမှာပဲ လီဗာပူးလ်အသင်းရဲ့ ကစားသမား (၂)ဦးဖြစ်တဲ့ နသန်ကလိုင်း နဲ့ ဆိုလန်ကီတို့ကို ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဆိုလန်ကီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နသန်ကလိုင်းကိုတော့ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာြ စ်တယ်လို့ 90 min က ဖော်ပြခဲ့ပါတယ်။
အသက် (၂၁)နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီအတွက် ဘုန်းမောက်အသင်းဟာ ပေါင် (၁၉)သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။ လီဗာပူးလ်မှာ ပုံမှန်နေရာ ရရှိဖို့အတွက် ခက်ခဲနေခဲ့ပြီး ဆာလာ၊ မာနေး နဲ့ ဖာမီနိုတို့ကိုသာ ကလော့ပ်က ဦးစားပေးအသုံးပြုနေသလို လူစားဝင်တိုက်စစ်မှူးအဖြစ်လည်း စတားရစ်ချ်ရှိနေခဲ့လို့ ဆိုလန်ကီဟာ ပွဲထွက်ခွင့် ရှားပါးခဲ့ပါတယ်။
ဒီအတွက်ကြောင့် ဆိုလန်ကီဟာ အန်ဖီးလ်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘုန်းမောက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဆိုလန်ကီကို ခေါ်ယူပြီး သိပ်မကြာခင်မှာပဲ ဘုန်းမောက်အသင်းဟာ လီဗာပူးလ် ညာနောက်ခံလူ နသန်ကလိုင်းကို အငှားနဲ့ ထပ်မံခေါ်ယူသွားနိုင်ခဲ့ပါတယ်။
အလက်ဇန္ဒါးအာနိုးလ်ရဲ့ တောက်ပတဲ့ခြေစွမ်းပြသမှုတွေကြောင့် ကလိုင်းဟာလည်း ဆိုလန်ကီနည်းတူ အန်ဖီးလ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခါစမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကလိုင်းဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက်မှာ အာနိုးလ်က သူ့ရဲ့နေရာကို လုယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့်လည်း အာနိုးလ်ရဲ့ ခြေစွမ်းပိုင်းက ကလော့ပ်စိတ်ကြိုက် ဖြစ်နေခဲ့တာမို့ ကလိုင်းက အရန်ကစားသမားအဖြစ်နဲ့သာ ကစားခွင့်ရနေခဲ့တာပါ။ ဘုန်းမောက်ကလည်း ဖရန်စစ် နဲ့ စမစ်တို့ ဒဏ်ရာရနေတဲ့ ညာခြမ်းခံစစ်အတွက် ကလိုင်းကို ခေါ်ယူအားဖြည့်သွားခဲ့တာ ဖြစ်လို့ တစ်ရက်တည်းမှာပဲ လီဗာပူးလ်ကစားသမား (၂)ဦးကို ခေါ်ယူသွားခဲ့ပါတယ်။