အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ၂၀၁၈ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းက ကစားသမားတစ်ဦးဦးကိုသာ ပေးသင့်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘလွန်းဒီအော်ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့က တစ်ယောက်တစ်လှည့်စီရယူခဲ့ကြပြီး ဘောလုံးလောကကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့ကြတာဖြစ်ပါတယ်။
Photos: AS
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဂုဏ်သိက္ခာကြီးမားတဲ့ ဘလွန်းဒီအော်ဆုကြီးကို ပြင်သစ်အသင်းက ကစားသမားတစ်ဦးဦးကို ပေးအပ်ဖို့ ပြောကြားခဲ့ပြီး တစ်ဦးကို ၅ ကြိမ်စီ ရယူထားကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ဆုရရှိသင့်တဲ့ကစာသမားစာရင်းထဲကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ၄ ဂိုး သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပြီး ဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး ပြင်သစ်အသင်းက ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
Photos: Goal
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ယူရိုပါလိဂ်ဖလားနဲ့ လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုတို့ဟာလည်း အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပေမယ့် ဂရစ်ဇ်မန်းက ဘလွန်းဒီအော်ဆုကို ပြင်သစ်အသင်းက ကစားသမားတစ်ဦးကိုသာ ပေးအပ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
"ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံတွေပါ။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းမှာ တစ်စိတ်တပိုင်းပါဝင်ခဲ့ကြသူတွေပါ"
"ကမ္ဘာပေါ်က အကောင်းဆုံးအသင်းမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေကလည်း အကောင်းဆုံးကစားသမားတွေ မဟုတ်ဘူးလား။ ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီလိုပဲ တွေးမိတယ်။ အဲဒီနောက်မှာ မဲပေးရွေးချယ်မှုတွေ၊ ကိုယ်စီအတွေးအမြင်တွေ၊ မတူညီတဲ့ အကဲဖြတ်သုံးသပ်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြင်သစ်ကစားသမားတစ်ဦးကသာ ဒီနှစ် ဘလွန်းဒီအော်ဆုကို ရသင့်တယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။