ပီအက်စ်ဂျီရဲ့ချမ်းသာမှုက ချန်ပီယံလိဂ်မှာ ရေပန်းမစားစေဘူးလို့ ပြောခဲ့တာပါ။
Kyaw Ko Ko Sint

ပီအက်စ်ဂျီအသင်းဟာ ယမန်နေ့ညက အိမ်ကွင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက် ၂ ဂိုး စီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ယင်းပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာသမားတစ်ဦးက တူချယ်ကို အဖြေရခက်စေမယ့် မေးခွန်းတွေနဲ့ ထိုးနှက်ခဲ့တာကြောင့် တူချယ်နဲ့ ယင်းသတင်းထောက်တို့ စကားများခဲ့ကြပါတယ်။



 

ဂျာနယ်လစ်သမားဟာ ပီအက်စ်ဂျီအသင်းရဲ့နည်းပြ သောမတ်စ်တူချယ်က ၎င်းတို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းမဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ငွေကြေးများစွာသုံးစွဲခဲ့ပြီးမှ ချန်ပီယံလိဂ်မှာ အောင်မြင်မှုမရနိုင်တာလဲလို့ အဓိပ္ပာယ်ရတဲ့မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်းမှာ နာပိုလီအသင်းကို ဒီမာရီယာရဲ့ နောက်ကျချေပဂိုးကြောင့် တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး အုပ်စု C ရဲ့ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ သောမတ်စ်တူချယ်က ပီအက်စ်ဂျီအသင်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ အသင်းကို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးအသင်းဖြစ်အောင် မပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ တူချယ်ဟာ နာပိုလီအသင်းနဲ့ပွဲမှာ နောက်ကနေ ၂ လုံးစလုံး လိုက်သွင်းခဲ့ရပြီး ရမှတ် ၁ မှတ်ရအောင် ကစားခဲ့ရတာကြောင့် ဒေါသဖြစ်ချိန်မှာ ဂျာနယ်လစ်တစ်ဦးကြောင့် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါတယ်။

"ကျွန်တော် ခင်ဗျားကို ပြောပြီးပြီလေ။ မနေ့က(အင်္ဂါနေ့)လေ။ ခင်ဗျားက ကျွန်တော်တို့အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ ပြောခဲ့ပြီး ကျွန်တော်က ကျွန်တော်တို့အသင်း မဟုတ်ပါဘူးလို့ ပြောခဲ့တယ်လေ။ ဘာလဲ။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရမယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုမျိုးပဲမို့လို့"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဒါပေမယ့် ခင်ဗျား ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် ယူရိုရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့တာတွေက ဘာအတွက်လဲ။ အဲဒီလိုတွေလုပ်ပြီးမှ ကျွန်တော်တို့က ရေပန်းအစားဆုံးမဟုတ်ပါဘူးလို့ ပြောတာကတော့ နည်းနည်းတော့ ထူးဆန်းမနေဘူးလား"လို့ သတင်းထောက်က ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

"သြော်၊ ဟုတ်ပြီလေ။ ဒါက ခင်ဗျားရဲ့ အငြင်းပွားမှုပါ။ ဒါပေမယ့် ကျွန်တော်တို့ စကားပြောဆိုနေတာကလည်း နည်းနည်းထူးဆန်းနေတာပဲလေ။ ကျွန်တော်တို့ အခု စားသောက်ဆိုင်မှာရောက်နေတာမဟုတ်ဘူး"

"ခင်ဗျား ကျွန်တော့်ကို မေးခွန်းမေးတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့အမြင်ကို ခင်ဗျားကို ပြန်ပေးတယ်။ ခင်ဗျားက အဲဒါကို လက်ခံရမယ့်အစား အဲဒီအမြင်က မဟုတ်ဘူးတဲ့လား"လို့ တူချယ်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အခြေအနေတွေက တင်းမာလာတဲ့အတွက် ဂျာနယ်လစ်က "ဟုတ်ပါတယ်"လို့ တုံ့ပြန်ခဲ့ပြီး တူချယ်ကလည်း "အင်း။ အိုကေ၊ ကောင်းပါပြီ"လို့ ပြန်လည်ပြောကြားခဲ့တာကြောင့် ပြီးဆုံးသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က