ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြသစ်အဖြစ်ဆွေးနွေးညှိနှိုင်းမှုအတွင်း ကစားသမား ၂ ဦးခေါ်ယူပေးဖို့ တောင်းဆိုခဲ့တဲ့ ချယ်ဆီးအသင်းနည်းပြဟောင်း အန်တိုနီယိုကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ရပ်ဆိုင်းလိုက်တယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ယမန်နေ့ညနေက နည်းပြ လော့ပတယ်ဂီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၀၁၆ နွေရာသီကတည်းက ရီးရဲမက်ဒရစ်လူငယ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဆန်တီယေဂိုဆိုလာရီကို နည်းပြအဖြစ် အစမ်းခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို
ကွန်တီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချယ်ဆီးအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေသူဖြစ်ပါတယ်။ Marca ရဲ့သတင်းအရ အသက် ၄၉ အရွယ်ရှိပြီဖြစ်တဲ့ ကွန်တီရဲ့ ဘာနေဗျူးကို ရောက်ရှိလာမှုဟာ ၎င်းရဲ့တောင်းဆိုမှုကြောင့် အရှိန်နှေးကွေးသွားခဲ့ပြီလို့ သိရပါတယ်။

ကွန်တီဟာ ၎င်းရဲ့အနှစ်သက်ဆုံးပုံစံဖြစ်တဲ့ ခံစစ် ၃ ဦးထားကစားတဲ့စနစ်အရ ရီးရဲမက်ဒရစ်အသင်းကို ဗဟိုခံစစ်ကစားသမားတစ်ဦး ခေါ်ယူပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ယင်းအပြင် ချယ်ဆီးအသင်းနည်းပြဟောင်းကွန်တီက ၎င်းရဲ့ကစားကွက်ကို ဦးဆောင်နိုုင်မယ့် စွမ်းဆောင်ရည်ရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကွန်တီဟာ ယင်းကစားကွက်ကို ဂျူဗင်တပ်နဲ့ ချယ်ဆီးအသင်းတို့မှာ အသုံးပြုခဲ့ပြီး စီးရီးအေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းမှာ ရှိနေခဲ့တဲ့တစ်လျှောက်လုံး အသင်းရဲ့ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ အပြောင်းအရွှေ့မူဝါဒအပေါ် လွှမ်းမိုးမှုကြောင့် ကွန်တီအနေနဲ့ ဗီဒယ်၊ ဆန်းချက်ဇ်၊ ဗန်ဒိုက်တို့အပါအဝင် ခေါ်ယူလိုတဲ့ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Marca ရဲ့ရေးသားချက်အရ ရီးရဲမက်ဒရစ်အသင်းကို ကွန်တီ ရောက်ရှိဖို့ဟာ ရှုပ်ထွေးသွားခဲ့ပြီဖြစ်ပေမယ့် ဘာနေဗျူးကို နည်းပြအဖြစ် ရောက်ရှိဖို့အလားအလာ လုံးဝအဆုံးသတ်သွားတာတော့ မဟုတ်သေးဘူးလို့ သိရပါတယ်။