ရီးရဲမက်ဒရစ်အသင်းပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုကို အသင်းထံ မကြာခင်ပြန်လာဖို့ လူသိရှင်ကြား ထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းကို ၃ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဘာနေဗျူးကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ လာလီဂါအမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် မျှော်လင့်ချက်မရှိသလောက်နီးပါး ဖြစ်နေတာဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်းက လူသိရှင်ကြား ထောက်ခံကြောင်း ပြောကြားခဲ့ပေမယ့် တကယ်လို့ ထိပ်ဆုံး ၄ နေရာမဝင်ခဲ့ဘူးဆိုရင်တော့ နည်းပြရာထူးအတွက် ပြန်လည်စဉ်းစားသွားဖွယ်ရှိနေပါတယ်။
မော်ရင်ဟိုအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာလားဆိုတဲ့ မေးခွန်းတွေများစွာပေါ်ထွက်နေချိန်မှာ ဘာနေဗျူးက မော်ရင်ဟိုကို နွေးထွေးစွာကြိုဆိုနေပုံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ရယူပေးခဲ့တဲ့ နည်းပြဇီဒန်းနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးဆိုးရွားရွား ခြေစွမ်းပိုင်းကျဆင်းခဲ့ပြီး လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်လူငယ်အသင်းနည်းပြ ဆိုလာရီက နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးနေတာဖြစ်ပါတယ်။
စနေနေ့က အီဘာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းပရိသတ်တွေက မကြာမီအချိန်အတွင်း ဘာနေဗျူးကို မော်ရင်ဟို ပြန်လာဖို့ ရေးသားပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဖလော်ရန်တီနိုပီးရက်ဇ်နဲ့ ခိုင်မာတဲ့ဆက်ဆံရေး ရှိနေဆဲဖြစ်ပေမယ့် ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ ဆိုးရွားတဲ့ဆက်ဆံရေးရှိသူဖြစ်တာကြောင့် နည်းပြအဖြစ် ခန့်အပ်ဖို့ကိစ္စက အငြင်းပွားစရာဖြစ်လာနိုင်ပါတယ်။