အမ်စတာဒမ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အယ်လီဂရီက အတည်ပြုပြောဆိုခဲ့တာဖြစ်လို့ ရော်နယ်ဒိုကို ပြန်လည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။
အေဂျက်ဇ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာမယ်လိ့ု ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ အမ်စတာဒမ်မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အယ်လီဂရီက အတည်ပြုပြောဆိုခဲ့တာဖြစ်လို့ ရော်နယ်ဒိုကို ပြန်လည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။
အီတလီနည်းပြကြီးက ပေါ်တူဂီတိုက်စစ်မှူးဟာ လေ့ကျင့်ခန်းကောင်းကောင်းပြုလုပ်နေနိုင်ပြီလို့ ပြောဆိုခဲ့ပြီး အေဂျက်ဇ်နဲ့ပွဲအတွက် အသင့်ဖြစ်နေကြောင်းလည်း ပြောသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် နောက်ဆုံး (၃)ပွဲတိတိ လွဲချော်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အရေးပါတဲ့ ပွဲစဉ်အတွက် အချိန်မီပြန်လည်သက်သာလာခဲ့တာလည်း ဖြစ်ပါတယ်။
"ခရစ္စတီယာနိုက အသင်းနဲ့ကောင်းကောင်းလေ့ကျင့်နိုင်နေပါပြီ၊ မနက်ဖြန်ညကစားမယ့်ပွဲမှာ သူ ပွဲထွက်ပါဝင်လာပါလိမ့်မယ်" လို့ အယ်လီဂရီက ပြောဆိုခဲ့တာပါ။ အသက် (၃၄)နှစ်အရွယ် ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ ခြေထောက်ဒဏ်ရာရရှိခဲ့လို့ အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အသင်းဖော် နောက်ခံလူ ရူဂါနီကလည်း "အသင်းကို သူ ကောင်းကောင်းပြန်လာခဲ့ပါတယ်၊ ကျွန်တော်တို့အားလုံး ဒီအတွက်ပျော်ရွှင်နေကြပါတယ်၊ မနက်ဖြန်မှာ ကစားရမယ့်ပွဲအတွက် သူက အရမ်းအရေးကြီးတဲ့ ကစားသမားပါ" လို့ အသင်းဖော်တိုက်စစ်မှူးကို ချီးကျူးပြောဆိုခဲ့ပါသေးတယ်။
ရော်နယ်ဒိုကတော့ အေဂျက်ဇ်အသင်းနဲ့ ချန်ပီယံလိဂ်မှာ တွေ့ဆုံတိုင်း ဂိုးမြူးလေ့ရှိတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် အေဂျက်ဇ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၆)သင်းအဆင့် ပွဲစဉ်မှာ အက်သလက်တီကိုကို ဟက်ထရစ်သွင်းယူခဲ့တဲ့ ရော်နယ်ဒိုရဲ့ နောက်ထပ်သွင်းဂိုးတွေကို အေဂျက်ဇ်နဲ့ပွဲမှာ မြင်တွေ့ရဦးမှာလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။