အဆိုပါကားဟာ UK မှာ မောင်းနှင်ဖို့အတွက် လိုင်စင်သက်တမ်းလည်း ရှိနေသေးတယ်လို့ သိရပြီးနောက်မှာ ဆိုင်မွန်က အင်္ဂလန်ကနေ စပိန်ကို (၂၂)နာရီကြာ မောင်းနှင်ပြီး သွားရောက်ခဲ့ပါတယ်။
လီဗာပူးလ်ပရိသတ်တစ်ဦးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုဖို့အတွက် ကုန်ကျစရိတ်လျှော့ချတဲ့အနေနဲ့ ပေါင် (၄၀)တန်ကားတစ်စီးကို ဝယ်ယူခဲ့ပြီး အဆိုပါကားနဲ့ မက်ဒရစ်ကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဆိုင်မွန်ဝီလ်ဆင်လို့ အမည်ရပရိသတ်ဟာ လေယာဉ်လက်မှတ်ခ ပေါင်(၈၀၀) ကုန်ချမယ့်အရေးကို ရှောင်လွှဲခဲ့တာလို့လည်း သိရပါတယ်။
စနေနေ့ (ဒီနေ့)မှာ ကစားကြမယ့် လီဗာပူးလ်နဲ့ စပါးတို့ရဲ့ ပွဲကို မက်ဒရစ်မြို့က အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်းမက်ထရိုပိုလီတန်နိုကွင်းကြီးထဲမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် လက်မှတ်ရရှိထားခဲ့တဲ့ ဆိုင်မွန်ဝီလ်ဆင်က ဈေးပေါပေါကားတစ်စီးကို ဝယ်ယူပြီး သွားကြည့်ဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
"ကျွန်တော် ဒီပွဲကိုသွားကြည့်ဖို့အတွက် ကုန်ကျစရိတ်ကို အွန်လိုင်းကနေ ရှာဖွေကြည့်တဲ့အခါမှာ အရမ်းဈေးကြီးနေတာကို တွေ့ရပါတယ်၊ ပေါင် (၈၀၀)လောက် ကုန်ကျမှာဖြစ်ပြီး ဒါက အဓိပ္ပာယ်မရှိပါဘူး၊ ကျွန်တော့်အစ်ကို ဈေးပေါပေါကားတစ်စီးကို ရနိုင်မလားလို့ မေးမြန်းခဲ့ပြီးတော့ ကျွန်တော် ဒီကားကို ရရှိခဲ့ပါတယ်" လို့ ဝီလ်ဆင်က Liverpool Echo ကို ပြောကြားခဲ့ပါတယ်။
ဝီလ်ဆင်ဟာ Facebook ပေါ်မှာ ရောင်းချဖိ့ု ကြေညာထားတဲ့ Skoda Favorit GLXI ကားကို တွေ့ရှိခဲ့ပြီး ပေါင် (၄၀)သာ ကျသင့်မယ်လို့လည်း သိခဲ့ရပါတယ်။ အဆိုပါကားဟာ UK မှာ မောင်းနှင်ဖို့အတွက် လိုင်စင်သက်တမ်းလည်း ရှိနေသေးတယ်လို့ သိရပြီးနောက်မှာ ဆိုင်မွန်က အင်္ဂလန်ကနေ စပိန်ကို (၂၂)နာရီကြာ မောင်းနှင်ပြီး သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အကြောင်းကို ဆိုင်မွန်က YouTube ပေါ်မှာတင်ခဲ့ပြီးနောက်မှာ လူကြိုက်များစိတ်ဝင်စားခဲ့ပါတယ်။
ဆိုင်မွန်နဲ့အတူ သူ့အကို၊ သူငယ်ချင်းတစ်ဦးလည်း လိုက်ပါခဲ့တယလို့ သိရပြီး ကားကတော့ ချွတ်ယွင်းမှုတစ်ချို့ရှိခဲ့တယ်လို့ သိရပါတယ်။ အင်ဂျင်ကို အေးသွားအောင် ပြုလုပ်ပေးတဲ့ ပိုက် ပျောက်ဆုံးခဲ့ပြီး မက်ဒရစ်ကို အနည်းငယ်တော့ ဒုက္ခခံပြီး သွားခဲ့ရတယ်လို့ ဆိုပါတယ်။ ဆိုင်မွန်ကတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် မက်ဒရစ်ကို ရောက်အောင်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး "ကျွန်တော်တို့ ရထားစီရင် ခုန်နေသလိုမျိုးတော့ ဖြစ်နေမှာပါ၊ ဒါပေမယ့် ဒါက မက်ဒရစ်ကို ကျွန်တော်မရောက်အောင်တော့ မတားဆီးနိုင်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။