ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး ပြန်လည်ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

လိုရစ်ကာရီးယပ်စ်ကိုတော့ အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ် နဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ခဲ့ကြရပြီး ကာရီးယပ်စ်က ကြီးမားတဲ့ အမှားအယွင်းကျူးလွန်မှု နှစ်ကြိမ်ပြုလုပ်မိခဲ့ပါတယ်။ အသင်းဖော်ကို ဘောလုံးပစ်ပေးရာမှာ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာဆီ ရောက်သွားခဲ့ပြီး ဘန်ဇီမာ ဂိုးသွင်းယူခဲ့ကာ ဂါရတ်ဘေးလ်ရဲ့ အဝေးကန်ချက်ကို ကာကွယ်ရာမှာလည်း ကာရီးယပ်စ်ရဲ့ ပေါ့ဆမှုကြောင့် လီဗာပူးလ်တို့ ဂိုးပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။



အဲဒီနောက်မှာတော့ ကာရီးယပ်စ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့ရပြီး တူရကီကလပ်ဘက်ဆီးတပ်စ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဂိုးသမားလိုအပ်ချက်ရှိလာခဲ့တဲ့ လီဗာပူးလ်ကလည်း ရိုးမားဂိုးသမား အယ်လစ်ဆန်ဘက်ကာကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူအားဖြည့်ခဲ့ရပါတယ်။

ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်က လီဗာပူးလ်နဲ့ ပွဲဦးထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ကာ ဒီတစ်ကြိမ်မှာတော့ ဂိုးသမားအဖြစ် အယ်လစ်ဆန်က တာဝန်ယူရတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင်မှာတော့ အယ်လစ်ဆန်နဲ့ သူ့နဲ့အသင်းဖော်ခဏတာဖြစ်ခဲ့ဖူးတဲ့ ကာရီးယပ်စ်ဘက်ကနေ ကာကွယ်ပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

"လူတစ်ဦးတစ်ယောက်တည်းအပေါ်မှာပဲ တာဝန်တွေ ပုံပေးလို့မရဘူးလို့ ကျွန်တော်ထင်ပါတယ်၊ အသင်းတစ်သင်းမှာ ကစားသမား (၁၁)ဦး ပါဝင်ကစားရတာပါ၊ ကျွန်တော်တို့ အနိုင်ရတဲ့အချိန်က အားလုံးအနိုင်ရတဲ့အချိန်ဖြစ်ပြီး ကျွန်တော်တို့ ရှုံးနိမ့်ခဲ့မှုကလည်း အားလုံးရဲ့ရှုံးနိမ့်မှုပါပဲ၊ ရီးရဲလ်နဲ့ပွဲမှာ အရေးနိမ့်ခဲ့တာက ကာရီးယပ်စ်မဟုတ်ပါဘူး၊ လီဗာပူးလ်ပါ၊ ဒီနှစ်မှာ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခု ထပ်ရှိနေပါတယ်" လို့ အယ်လစ်ဆန်က ESPN နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ရီးရဲလ်နဲ့ဗိုလ်လုပွဲအပြီးမှာတော့ ကာရီးယပ်စ်ရဲ့ သူ့ရဲ့အမှားအယွင်းတွေအတွက် ခံစားခဲ့ရပြီး ငိုကြွေးနေခဲ့ရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအရေးနိမ့်မှုဟာ သူ့ကြောင့်လို့ ဝေဖန်စွပ်စွဲမှုတွေက အတောမသတ်နိုင်အောင် ရှိခဲ့ပြီး ကာရီးယပ်စ်ရဲ့ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က