မနေ့ညမှာတော့ ချန်ပီယံလိဂ်ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် စုစုပေါင်းပွဲ (၈)ပွဲ ကစားခဲ့ပါတယ်။ ဒီ (၈)ပွဲထဲမှာ နောက်တဆင့်အတွက် အဖြေပေါ်ဖို့ အရေးကြီးတဲ့ ပွဲစဉ် (၃)ပွဲ ပါဝင်ခဲ့ပြီး မထင်မှတ်တာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ပွဲစဉ်များဟာ စိတ်ကူးနဲ့ ထပ်တူမကျဘူးဆိုတဲ့ စကားက တကယ်မှန်ခဲ့ပါတယ်။
ပထမဆုံးပြောချင်တဲ့ ပွဲကတော့ ဘာစီလိုနာ နဲ့ စပါး တို့ရဲ့ ပွဲစဉ်ပါ။ ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဆွာရက်ဇ်တို့ မပါဝင်ခဲ့ပဲ ကွင်းလယ်မှာလည်း အယ်လီနာ နဲ့ အာသာကို ရာကီတစ်နဲ့ တွဲဖက်ပေးခဲ့တာပါ။ နောက်တန်းမှာလည်း အဓိက ကစားသမားတွေကို ချန်လှပ်ခဲ့ပြီး ဗယ်လ်ဗာဒီက ကစားသမားတွေကို အနားပေးခဲ့ပါတယ်။ မဖြစ်မနေအနိုင်ရမှ ဖြစ်မယ့် စပါးကတော့ လူစုံထုတ်သုံးခဲ့ပြီး နူးကမ့်မှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရဖို့အသာထားလို့ သရေကျဖို့တောင် စပါးတို့ မနည်းရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် (၈၅)မိနစ်မှာ ရရှိခဲ့တဲ့ မော်ရာရဲ့ သွင်းဂိုးကြောင့် အသက်ရှူချောင်ခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။ ဘာစီလိုနာအတွက် ဒမ်ဘီလီက (၇)မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ အင်တာမီလန် နဲ့ PSV တို့ပွဲမှာ အင်တာမီလန်သာ အနိုင်ရခဲ့မယ်ဆိုရင် စပါးတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမှာဖြစ်ပြီး ကံကောင်းစွာနဲ့ပဲေ မာ်ရာရဲ့ သွင်းဂိုး ရခဲ့သလို အင်တာမီလန်ကလည်း အိမ်ကွင်းမှာ သရေပွဲဖြစ်ခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးရထားတဲ့ စပါးတို့ နောက်တဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။
ဘယ်လိုမှထင်မထားတဲ့ ရလာဒ်တစ်ခုက အင်တာမီလန် နဲ့ PSV ပွဲမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ အနိုင်ရရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားတဲ့ အင်တာမီလန်အသင်းဟာ အိမ်ကွင်းမှာ အုပ်စုနောက်ဆုံးက PSV အသင်းကို သရေပဲ ကစားနိုင်ခဲ့ပါတယ်။ လိုဇာနိုက PSV အတွက် (၁၃)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး အင်တာမီလန်တို့ အသည်းအသန်လိုက်ကစားခဲ့ရပါတယ်။ (၇၃)မိနစ်မှာမှ အီကာဒီက ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး လက်ကျန်မိနစ်တွေမှာ အင်တာမီလန်အသင်း နောက်ထပ်သွင်းဂိုးတွေ မရခဲ့လို့ တော်တော်လေးကို နာကျင်စရာဖြစ်သွားခဲ့ပါတယ်။ တစ်ဖက်မှာ စပါးက ဘာစီလိုနာနဲ့ သရေသာ ကစားနိုင်ပြီး အနိုင်ရတာနဲ့ နောက်တဆင့်ကို တက်ရောက်မယ့် အခွင့်အရေးကို အင်တာမီလန်အသင်း ကိုယ်တိုင် ဖျက်စီးသွားခဲ့တာပါ။ ဒီအတွက် ယူရိုပါလိဂ်နဲ့သာ ကျေနပ်ခဲ့ဂပါတယ်။
ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေထဲမှာ ပရိသတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ လီဗာပူးလ် နဲ့ နာပိုလီတို့ရဲ့ ပွဲမှာတော့ လီဗာပူးလ်က ဆာလာရဲ့ ပထမပိုင်းသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ သရေရရုံနဲ့ နောက်တဆင့်ကို တက်ရောက်မယ့် အနေအထားမှာ နာပိုလီတို့ အန်ဖီးလ်ကနေ အမှတ်ဗလာနဲ့ ပြန်လာခဲ့ရပြီး ယူရိုပါလိဂ်ကစားခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မီလစ်ခ်ရဲ့ အပိုင်ကန်သွင်းမှုကို အယ်လစ်ဆန် ကာကွယ်ပေးနိုင်ခဲ့တာကလည်း လီဗာပူးလ်ကို ကံကောင်းစေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာမှ နာပိုလီကို အနိုင်ရခဲ့လို့ လီဗာပူးလ်တို့ နောက်တဆင့်ကို တက်ရောက်ခဲ့တာပါ။
ဒီလိုတက်ရောက်ခဲ့ရာမှာ ဂိုးကွာခြားချက်အရ လီဗာပူးလ်က ရဂိုး (၉)ဂိုး၊ ပေးဂိုး (၇) ဂိုးရှိပြီး +၂ ဖြစ်နေခဲ့ပါတယ်။ နာပိုလီကလည်း ရဂိုး (၇)ဂိုး၊ ပေးဂိုး (၅)ဂိုးနဲ့ +၂ ဖြစ်နေခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာလည်း သူ့ကွင်းကိုယ့်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့လို့ သွင်းဂိုးအရေအတွက်နဲ့ ဆုံးဖြတ်ခဲ့ပြီး လီဗာပူးလ်က နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ အဝေးကွင်းမှာ ရက်စတားဘဲဂရိတ်ကို သက်တောင့်သက်သာကစားပြီး ၄-၁ဂိုးနဲ့ အနိုင်ရကာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်တက်သွားခဲ့ပါတယ်။
အခြားပွဲစဉ်တွေမှာတော့ ကလပ်ဘရုဂ် နဲ့ အက်သလက်တီကိုတို့ ဂိုးမရှိသရေ ဖြစ်ခဲ့ပြီး ဒေါ့မွန်က မိုနာကိုအသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အက်သလက် နဲ့ ဒေါ့မွန်တို့ နောက်တဆင်တက်ခဲ့ပြီး ကလပ်ဘရုဂ်က ယူရိုပါလိဂ်ကစားခွင့်ရခဲ့ပါတယ်။ ဂါလာတာစာရေး နဲ့ ပေါ်တိုတို့ပွဲမှာ ပေါ်တိုက အဝေးကွင်းမှာ ၂-၃ နဲ့ အနိုင်ယူပြီး အုပ်စုတွင်းရှုံးပွဲမရှိစံချိန် နဲ့ နောက်တဆင့် တက်သွားခဲ့ပါတယ်။ ရှော်ကေးလ်ကလည်း အိမ်ကွင်းမှာ လိုကိုမိုးတစ်အသင်းကို ၁-၀ နဲ့ အနိုင်ယူပြီး နောက်တဆင့်တက်ခဲ့ကာ ဂါလာတာစာရေးက ယူရိုပါလိင်္ဂ်ကစားခွင့် ရရှိသွားခဲ့ပါတယ်။