အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ အာနိုးလ်ဟာ စပါးနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်ကစားခွင့်ရရှိတဲ့ ပထမဆုံး အသက် (၂၁)နှစ်အောက် ကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ရပ်တန့်လို့မရနိုင်တဲ့ အသင်းတစ်သင်းဖြစ်လာလိမ့်မယ်လို့ နောက်ခံလူ အလက်ဇန္ဒါးအာနိုးလ်က ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပြောဆိုသွားခဲ့ပါတယ်။ ယာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်က ပထမဆုံးအကြိမ် ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ဖို့အတွက် အခွင့်အရေးရှိနေပြီး စနေနေ့မှာ စပါးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဆုဖလားတစ်လုံးမှ မဆွတ်ခူးနိုင်ခဲ့ပဲ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာလည်း ရမှတ် (၉၇)မှတ်အထိ ရရှိခဲ့ပေမယ့် မန်စီးတီးအောက် တစ်မှတ်အကွာ၊ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အာနိုးလ်က လီဗာပူးလ်ဟာ အနာဂတ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ့်အသင်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
"ဒီအသင်းက အမှတ်ပေးဖလား၊ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးဖို့ လုံလောက်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်၊ မကြာခင်မှာ ဆုဖလားတစ်လုံးဆွတ်ခူးနိုင်မယ်ဆိုတာ သေချာပါတယ်၊ ကျွန်တော်တို့အသင်းက ရပ်တန့်လို့မရနိုင်တဲ့ အသင်းဖြစ်လာဖို့လည်း ကြိုးစားနေပါတယ်" လို့ အာနိုးလ်က ပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။
အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ အာနိုးလ်ဟာ စပါးနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်ကစားခွင့်ရရှိတဲ့ ပထမဆုံး အသက် (၂၁)နှစ်အောက် ကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ ကျင်းပခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗိုလ်လုပွဲမှာလည်း အာနိုးလ်က ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
"ပြိုင်ဘက်ကိုလေးစားမှုအပြည့်ထားပြီး ကျွန်တော်တို့ ပိုမိုပြင်ဆင်သွားမှာပါ၊ နိုင်ပွဲရဖို့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုသွားမှာဖြစ်ပြီး ကျွန်တော်တို့ ဂိုးစသွင်းနိုင်ခဲ့ပြီဆိုရင်လည်း ဒါကို ထိန်းသိမ်းသွားနိုင်ဖို့ ကြိုးစားမှာပါ၊ ချေပဂိုးသွင်းဖို့ လိုအပ်လာပြီဆိုရင်လည်း ကျွန်တော်တို့ပြန်လည်ချေပနိုင်ပါတယ်၊ တကယ်လို့ ပွဲကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ဆိုရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ" လို့ အာနိုးလ်က ထပ်ပြောသွားခဲ့ပါတယ်။