အိမ်အပြန်မှာ ဓားပြတိုက်ခံခဲ့ရတာပါ။
Pyae Phyo Thein

နာပိုလီအသင်းက ပိုလန်တိုက်စစ်မှူး မီလစ်ခ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးလ်နဲ့ ကစားအပြီး အိမ်ကို အပြန်လမ်းမှာ ဓားပြတိုက်ခံခဲ့ ရတယ်လို့ သိရပါတယ်။ ဒီသတင်းကို အီတလီရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပြီး Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။



Photo : 101 Great Goals

 

အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူးဟာ ဗာကာတူရိုက အိမ်ကို အပြန် နေပယ်လ်မြို့ရဲ့ အရှေ့ဘက်ရှိ ဒိုမီတီယန်ခရိုင်အတွင်းမှာ ဒေသစံချိန်တော် မနက် (၂)နာရီမှာ ဓားပြတိုက်ခံခဲ့ရတာပါ။ မော်တော်ဆိုင်ကယ် စီးနင်းလာတဲ့ သေနတ်သမားနှစ်ယောက်က မီလစ်ခ်ရဲ့ ကားရှေ့မှာ ပိတ်ဆို့ခဲ့ပြီး ကားကို ရပ်တန့်စေခဲ့ပါတယ်။

 

ဆိုင်ကယ်သမားနှစ်ဦးဟာ မီလစ်ခ်ရှိရာကို လာခဲ့ပြီး သေနတ်နဲ့ ချိန်ရွယ်ခဲ့ကာ ကစားသမားရဲ့ လက်မှာပတ်ထားတဲ့ ယူရို (၇)ထောင် တန်ကြေးရှိတဲ့ ရိုးလက်စ်နာရီကို တောင်းခဲ့ပါတယ်။ ဓားပြနှစ်ဦးဟာ ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီးနောက် မီလစ်ခ်က ရဲတပ်ဖွဲ့ကို ဖုန်းနဲ့ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။

Photo : Extra.ie

 

အီတလီနိုင်ငံတောင်ပိုင်းဒေသတွေမှာ ဘောလုံးသမားတွေကတော့ မကြာခဏဆိုသလို ဓားပြတိုက်၊ လုယက်မှုနဲ့ ကြုံတွေ့နေရတာပါ။ အီတလီလက်ရွေးစင်ကစားသမား အင်ဆစ်ဂ်နီဟာလည်း ၂၀၁၆ ခုနှစ်အတွင်းက အဖိုးတန်လက်ဝတ်လက်စား၊ ငွေကြေး နဲ့ တန်ဖိုးကြီး နာရီတွေကို ဓားပြတိုက်ခံခဲ့ရပြီး ဖြစ်ပါတယ်။

Photo : Napoli Fanpage

 

ဒါ့အပြင် စလိုဗက်ကီးယားအသင်းခေါင်းဆောင် နာပိုလီကွင်းလယ်လူ ဟမ်ဆစ်ဟာလည်း လွန်ခဲ့တဲ့ (၄)နှစ်က နေပယ်လ်မြို့လယ်ခေါင် အတွင်းမှာ သေနတ်နဲ့ ခြိမ်းခြောက်ခံရပြီး ဓားပြတိုက်ခံခဲ့ရပါတယ်။ နာပိုလီကတော့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အင်ဆစ်ဂ်နီနီရဲ့ မိနစ် (၉၀)မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က