ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ဂျီရိုနာအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပယ်နယ်တီကတဆင့် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပယ်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီးနောက်မှာတော့ ဆာဂျီယိုရာမို့စ်ဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ စံချိန်တစ်ခုနဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျီရိုနာအသင်းကို (၄-၁)ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရာမို့စ် နဲ့ ဘန်ဇီမာတို့က ပယ်နယ်တီသွင်းဂိုးတစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ဂါရတ်ဘေးလ်က တစ်ဂိုးနဲ့ ဘန်ဇီမာက နောက်ထပ်တစ်ဂိုး သွင်းယူခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရရှိစေခဲ့ပါတယ်။ ရီးရဲလ်ဗဟိုခံံစစ်မှူး ရာမို့စ်ဟာ လာလီဂါသွင်းဂိုး (၅၆)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရာမို့စ်အနေနဲ့ ဘောလုံးရာသီအသစ်မှာ သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် လာလီဂါအမှတ်ပေးဖလားပြိုင်ပွဲမှာ (၁၅)ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ၂၀၀၄-၀၅ ဘောလုံးရာသီမှာ ဆီဗီလာအသင်းအတွက် ကစားပေးရင်း လာလီဂါ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက်မှာ ရာမို့စ်ဟာ ဆက်တိုက်ဆိုသလို ဘောလုံးရာသီတိုင်းမှာ သွင်းဂိုးတွေ ရရှိခဲ့ပါတယ်။
ဒီလို လာလီဂါမှာ (၁၅)ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မက်ဆီ တစ်ဦးတည်းရပ်တည်နေခဲ့ပြီးနောက်မှာ ရာမို့စ်က ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ရာမို့စ်အတွက်တော့ ဘောလုံးရာသီတိုင်းမှာ ဂိုးသွင်းယူနိုင်မှုဟာ ချီးကျူးချင်စရာ အရည်အသွေးဖြစ်ပြီး မက်ဆီနဲ့အတူ ရှားပါးစံချိန်တစ်ခုကို ပူးတွဲပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆာဂျီယိုရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပယ်နယ်တီသွင်းဂိုးတွေ တာဝန်ယူကန်သွင်းနေသလို အလွတ်တည်ကန်ဘော၊ ထောင့်ကန်ဘောများကတဆင့် ခေါင်းတိုက်သွင်းဂိုးများ သွင်းယူပေးနေခဲ့သူဖြစ်ပါတယ်။ မက်ဆီကတော့ ဘောလုံးရာသီအသစ်မှာ ဘာစီလိုနာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေပြီး အလာဗက်စ်နဲ့ပွဲမှာ အသင်းအတွက် (၂)ဂိုးသွင်းယူပြီး ရာသီသစ်ကို စတင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။