မက်ဒဲရားကျွန်းက ကမ္ဘာကျော်လူသားတစ်ဦးထွက်ပေါ်လာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ ဥရောပချန်ပီယံလိဂ်အောင်မြင်မှု၊ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ဥရောပဖလား၊ နေးရှင်းလိဂ်ဖလားတွေရရှီဖို့အတွက် ရော်နယ်ဒိုဖြတ်သန်းခဲ့ရတဲ့ လမ်းခရီးက ရှည်လျားလွန်းပါတယ်။

ဘလွန်းဒီအော်ဆုငါးကြိမ်အထိရရှိခဲ့တဲ့ ဒီကစားသမားအတွက်တော့ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို လျှောက်ခဲ့ရတာပါ။ ဒါပေမယ့် ဘယ်အရာမဆို အကောင်းချည်းပဲရှိတာတော့မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ မက်ဒဲရားကျွန်းရဲ့ အဆင်းရဲဆုံးရပ်ကွက် မိသားစုမျာ မွေးဖွားလာခဲ့တဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။ ၁၉၈၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅ ရက်နေ့မှာ သူ့ကို Funchal မြို့ရဲ့ အဆင်းရဲဆုံးရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့တာပါ။ 



မြူနီစပယ်ဥယျာဉ်လုပ်သားဖခင်၊ ထမင်းချက်မိခင်တို့ကနေ မွေးဖွားလာခဲ့သူဖြစ်ပြီး အမေရိကန်သမ္မတရော်နယ်ရေဂင်ရဲ့နာမည်ကို အစွဲပြုပြီးတော့ သူ့နာမည်မှာ ရော်နယ်ဒိုဆိုတဲ့နာမည်ပါဝင်အောင်မှည့်ထားခဲ့တာပါ။ ရော်နယ်ဒိုအတွက်ကတော့ ငယ်ငယ်လေးကတည်းက ဘောလုံးကဘဝဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူဒင်နစ်က အရက်ကြောင့် အသဲကင်ဆာဖြစ်ကာ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ရပြီး သူမကွယ်လွန်ခင်မှာ ဒေသတွင်းကလပ်တစ်ခုဖြစ်တဲ့ Andorinha အသင်းမှာ Kitman တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပြီးနောက် သားဖြစ်သူကို အဲဒီအသင်းဆီတော့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ ဖာနာအိုဘာရို့စ်ဆွာဆာနဲ့ တွေ့ဆုံခဲ့ရပြီး သူက ရော်နယ်ဒိုရဲ့ ခေါင်းကိုင်ဖခင်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

"ကျွန်တော်က သူ့အတွက် godfather ဖြစ်လာခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျွန်တော်ကစားနေတုန်း သူ့အဖေနဲ့ တွေ့ဆုံခဲ့ရပါတယ်၊ သူ့အဖေက ရော်နယ်ဒိုကို မွေးဖွားပြီးချိန်မှာ မင်္ဂလာပြုဖို့အတွက် တာဝန်ယူပေးနိုင်မလားလို့ ကျွန်တော့်ကို မေးခဲ့ပါတယ်၊ အဲဒီနေ့မှာ အသင်းက Ribera Brava နဲ့ ကစားခဲ့ရပါတယ်၊ ဒါကြောင့် ကျွန်တော်သွားကစားခဲ့ရပြီးတော့ နှစ်ခြင်းခံပြီးတော့မှသာ ရောက်ရှိခဲ့ရပါတယ်၊ အားလုံးစတင်ဖို့အသင့်ဖြစ်နေချိန်မှာ ကျွန်တော်တို့က ရှိမနေခဲ့ပါဘူး၊ ရယ်တော့ရယ်ချင်စရာဆိုပေမယ့် ဒါက မကောင်းပါဘူး" လို့ ဆွာဆာက Goal.com နဲ့ တွေ့ဆုံခဲ့မှုမှာ ပြန်ပြောပြခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ရော်နယ်ဒိုက သူ့ဖခင်နဲ့အတူ Andorinha အသင်းကို လိုက်ပါလေ့ရှိခဲ့ပြီး သူကစားဖို့သင့်တော်တဲ့အချိန်မှာ လူငယ်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ "သူငယ်ငယ်လေးတုန်းကဆိုရင်တော့ အခြားကလေးတွေလိုပါပဲ၊ ဒါပေမယ့် သူက တခြားကလေးတွေနဲ့ မတူတာတွေကို လုပ်လေ့ရှိပါတယ်၊ သူက ဘောလုံးကို အရူးအမူးကစားတာပါ၊ အခြားကလေးတွေက ပညာသင်နေချိန်ဆို သူက ထိုင်ခုံနောက်မှာ ဘောလုံးပဲကစားနေခဲ့ပါတယ်၊ လူကြီးတွေလုပ်သလို ဘောလုံးနဲ့အတူ ဆွဲပြေးဖို့ကို သူ အတုယူလိုက်လုပ်တယ်၊ အဲဒါကိုတော့ ကြိမ်ပေါင်းများစွာ သူလုပ်နေခဲ့တာပါ" လို့ ဆွာဆာက ထပ်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၈ နှစ်အရွယ်မှာပဲ Andorinha အသင်းအတွက် ကစားပေးခဲ့ရပြီး သူ့အတွက် ပထမဆုံးကလပ်ဖြစ်ခဲ့သလို အဲဒီအသင်းမှာပဲ သူ့စွမ်းရည်က ထင်ရှားခဲ့ပါတယ်။

Andorinha အသင်းရဲ့ နည်းပြဖြစ်တဲ့ ရီကဒိုဆန်းတို့စ်က ရော်နယ်ဒိုနဲ့ လူငယ်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့သူပါ။ "ကျွန်တော်တို့ ၈ နှစ်၊ ၉နှစ်လောက်အရွယ်မှာပဲ သူက ကစားသမားကောင်းတစ်ဦးဖြစ်နေပါပြီ၊ သူက နှိမ့်ချတတ်တဲ့ကလေးတစ်ဦးဆိုတာကိုတော့ ကျွန်တော်မှတ်မိပါတယ်၊ သူ့ကိုဘောလုံးမပေးတာမျိုးဆိုရင် သူ ငိုတယ်၊ အသင်းဖော်တွေက သူ့ကိုရန်ပြုရင်လည်း ငိုတာပါပဲ၊ ဒါပေမယ့် သူက ကစားသမားကောင်းတစ်ဦးဖြစ်နေပြီးပါပြီ၊ သူ့တိုးတက်မှုက တော်တော်လေးမြန်ဆန်ပါတယ်၊ ဂိုးတွေအများကြီးသွင်းနိုင်ခဲ့သလို Dribbling Skills ကလည်း တော်တော်လေးကောင်းမွန်ပါတယ်၊ သူကအနိုင်ရတာကိုပဲ နှစ်သက်သူပါ၊ အဲဒီလိုဖြစ်မလာခဲ့ဘူးဆိုရင် သူ ငိုပြန်ပါပြီ၊ အဲဒါကြောင့်ကို အငိုသန်တဲ့ကလေးလို့တောင် နာမည်ပြောင်ပေးခဲ့ကြပါတယ်" လို့ ရီကာဒိုဆန်းတို့စ်က ပြန်ဖောက်သည်ချခဲ့ပါတယ်။ 

ရော်နယ်ဒိုအတွက် ဘဝအပြောင်းအလဲဖြစ်ခဲ့တာက နေစီယွန်နယ်အသင်းကို ရောက်ခဲ့တာပါ။ ဘာရို့စ်ဆွာဆာက "ကျွန်တော် အန်ဒိုရင်ဟာအသင်းကနေ ထွက်ခွာခဲ့ပြီး နေစီယွန်နယ်လူငယ်အသင်းကို ကိုင်နေတော့ နေစီယွန်နယ်အသင်းနည်းပြက အန်ဒိုရင်ဟာအသင်းပွဲကို ကြည့်ဖို့ပြောခဲ့ပါတယ်၊ အဲဒီအသင်းမှာက အရည်အသွေးရှိတဲ့လူငယ်တွေရှိတာကိုး၊ ကျွန်တော်လည်း အချိန်ဖြုန်းမနေတော့ဘဲ ပွဲသွားကြည့်ခဲ့ပြီး သူ့ကိုတွေ့ခဲ့တာပါ၊ အဲဒါနဲ့ သူ့အမေဒိုလိုရက်စ်ကို မေးမြန်းခဲ့ပြီးတော့ နေစီယွန်နယ်ကို ခေါ်ချင်တယ်လို့ပြောတော့ သူကလည်း ထောက်ခံခဲ့ပါတယ်၊ အဲဒီနောက်တော့ သူ ရောက်လာတော့တာပဲ" လို့ ပြောပြပါတယ်။ ဒါကြောင့် လူငယ်ကစားသမားဘဝမှာ ဆွာဆာက ရော်နယ်ဒိုကို မြေတောင်မြှောက်ပေးခဲ့သူလို့ အခုချိန်ထိ လူသိများနေခဲ့တာပါ။ 

ရော်နယ်ဒိုက နေစီယွန်နယ်မှာတော့ ၇ ယောက်တစ်ဖက်ပွဲတွေစကစားခဲ့ရပြီး အဲဒီနောက်မှာ ၁၁ယောက်တစ်ဖက်စီပွဲတွေကစားခွင့်ရခဲ့ပါတယ်။ မကြာခဏဆိုသလိုလည်း သူ့ထက်အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ သူ့ရဲ့အထင်ကြီးစရာခြေစွမ်းကိုပြသနိုင်ခဲ့တယ်လို့ နေစီယွန်နယ်အသင်းလူငယ်နည်းပြဟောင်း ပက်ဒရိုကလည်း ပြောခဲ့ဖူးပါတယ်။

"သူ ဒီကိုရောက်ပြီးတော့ ၂နှစ်လောက်အကြာမှာ ကျွန်တော် သူ့ကိုကိုင်တွယ်ရပါတယ်၊ သူကအသင်းခေါင်းဆောင်ပါ၊ စဉ်းစားစရာက သူက ဂျူနီယာကစားသမားဖြစ်တာတစ်နှစ်ပဲရှိသေးပေမယ့် သူ့ထက်သုံးလေးနှစ်ကြီးတဲ့ချာတိတ်တွေနဲ့ ပွဲအများကြီးကန်ပြီးသွားပါပြီ" လို့ သူကပြောပြပါတယ်။ ရော်နယ်ဒိုရဲ့နာမည်က မက်ဒဲရာကျွန်းမှာတော့ လျှမ်းလျှမ်းတောက်နေခဲ့တာပါ၊ ဒါပေမယ့် အဲဒီကျွန်းကနေ ပေါ်တူဂီလက်ရွေးစင်ဖြစ်ဖူးသူလုံးဝမရှိခဲ့ဖူးပါဘူး။ တကယ့်တကယ်ပေါ်ထွက်လာတော့လည်း ရော်နယ်ဒိုလို ကမ္ဘာကျော်ကစားသမားဖြစ်လာတာက တကယ်ဂုဏ်ယူချင်စရာပါပဲ။

(မျက်ရည်တွေကို လမ်းခင်းလျှောက်ခဲ့ရသူတစ်ဦး (သို့) သူတို့ပြောတဲ့ ရော်နယ်ဒိုရဲ့ငယ်ဘဝ (၂) ကို ဒီနေရာမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က