မက်ဒဲရားကျွန်းက ကမ္ဘာကျော်လူသားတစ်ဦးထွက်ပေါ်လာခဲ့တာပါ။

စပို့တင်းလစ္စဘွန်းကို ရော်နယ်ဒိုရောက်ရှိအောင် လုပ်ပေးခဲ့သူကလည်း ဆွာဆာပါ။ သူက လစ္စဘွန်းအခြေစိုက်ကလပ်နဲ့ ဆက်သွယ်မှုရှိတဲ့ ယာအိုမာကွီးဆိုသူနဲ့ ချိတ်ဆက်ပြီး ရော်နယ်ဒိုကို ပို့ပေးခဲ့တာပါ။

"အဲဒီကောင်လေးနဲ့ ကျွန်တော်တို့တွေ့ခဲ့ပေမယ့် သူ ကစားတာ တခါမှမမြင်ဖူးခဲ့ဘူး၊ ဘာတွေဖြစ်လာခဲ့လဲဆိုရင် သူ့ရဲ့ Godfather ကြီးက သူက အရမ်းကောင်းတယ်၊ တကယ်ကောင်းတာပါလို့ပြောခဲ့တယ်၊ ကျွန်တော်ကနည်းပြမဟုတ်ပေမယ့် အော်ရီလီယိုပါရဲရား(ကင်းထောက်တစ်ဦး)ကို ဖုန်းဆက်ပေးခဲ့ပါတယ်၊ သူက ခြေစွမ်းထက်လူငယ်တွေကို ရှာဖွေဖို့ စိတ်အားထက်သန်နေတာ၊ ဒီမှာကလေးတစ်ယောက်ရှိတယ်လို့ ပြောတော့ ကြည့်မယ်လေတဲ့၊ အဲဒါနဲ့ သူ့အမေကိုပါ ဖုန်းထပ်ဆက်ပြိးတော့ သူက ခွင့်ပြုတယ်၊ ဒါနဲ့ ကျွန်တော်လည်း တာဝန်ယူပြီးတော့ သူ့ကို ဖန်ချယ်လ်သွားမယ့်လက်မှတ်တစ်စောင်ဝယ်ပေးခဲ့လိုက်ပါတယ်" လို့ ယာအိုမာကွီးက ပြောပါတယ်။ 



"နောက် ၃ရက်လောက်မှာ သူ ရောက်သွားပြီး အော်ရယ်လီယိုက တော်တော်သဘောကျသွားပြီ၊ အရမ်းကောင်းတဲ့ချာတိတ်လို့ ကျွန်တော့်ကို ပြောတယ်၊ စပို့တင်းကွင်းဟောင်းမှာ သူ့ခြေစွမ်းကိုစမ်းသပ်ခဲ့ကြတာပါ" လို့ မာကွီးက ထပ်ပြောပါတယ်။ ရော်နယ်ဒိုက စပို့တင်းကိုရောက်တော့ အသက် ၁၂နှစ်ပါ။ သူ့ကို ပေါ်တူဂီထိပ်သီးကလပ်က တော်တော်လေးသဘောကျသွားပါပြီ။ ဒါပေမယ့် စပို့တင်းနဲ့ မက်ဒဲရား လူနေမှုစရိုက်က ကွာဟလို့ ရော်နယ်ဒိုအတွက် တော်တော်ခက်ခဲခဲ့တယ်လို့ဆိုပါတယ်။ "သူ ကျောင်းတက်တော့လည်း သူ့ကိုလှောင်ပြောင်ကြပါတယ်၊ ဒါကို သူ ခုခံကာကွယ်ခဲ့ရတာပါ၊ သူ ပြန်ထွက်သွားချင်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဆက်ရှိနေခဲ့ပြီး ဆိုးရွားတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်" စပို့တင်းတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ 

"အဲဒီရောက်ပြီး ၂နှစ်နေတော့ သူ မက်ဒဲရားကို ပြန်ရောက်လာပါရော၊ စပို့တင်းက အသင်းမှာမပျော်တဲ့သူကို မလိုချင်ဘူး၊ အသင်းမှာမကစားချင်တဲ့သူကို လက်မခံချင်ဘူး၊ ဒါကြောင့်သူ့ကိုပြန်ပို့ခဲ့တာပါ၊ ကျွန်တော်ကပဲကြားဝင်ပြီးတော့ ဖြေရှင်းပေးခဲ့ရတာပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့အနာဂတ်အပေါ်မှာ မိသားစုကရှိနေပါပြီ၊ သူက ဘောလုံးသမားဖြစ်လာမယ်ဆိုတာကို ကျွန်တော်သိတယ်၊ ယုံလည်းယုံတယ်၊ လစ္စဘွန်းမှာ ပထမဆုံးလေ့ကျင့်ခန်းစလုပ်တော့ နည်းပြအော့စ်ဗယ်ဒိုဆေးလ်ဗားက သူက စိန်ပွင့်တစ်ပွင့်ပဲလို့ ပြောခဲ့လို့ပါပဲ၊ ဒါကြောင့် သူ့အတွက်နေရာမှန်က လစ္စဘွန်းလို့ ကျွန်တော်ပိုပြီးယုံကြည်ခဲ့တာပေါ့" လို့ ဆွာဆာက ရှင်းပြပါတယ်။ အဲဒီတော့ ရော်နယ်ဒိုက စပို့တင်းကို ပြန်သွားခဲ့ရပြီးတော့ ဥရောပရဲ့ အကောင်းဆုံးအကယ်ဒမီတစ်ခုမှာ သူ့ခြေစွမ်းကိုပြဖို့ ပြန်အားထုတ်ရခဲ့ရပါတော့တယ်။

"စပို့တင်းကို ကျွန်တော်ရောက်တော့ သူက အဲဒီမှာ ကစားနေပါပြီ" လို့ ဂိုးသမားခရစ္စတိုဖာအယ်လ်မေးဒါးက Goal.com ကို ပြောပါတယ်။ "သူ့အသက် ၁၂နှစ်မှာရောက်ခဲ့တာဖြစ်ပြီး သူက သူငယ်ချင်းတွေတောင်ရနေပြီ၊ သူ ဒီမှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့မယ်လို့ ကျွန်တော်တွေးခဲ့ပေမယ့် ကျွန်တော်မြင်တဲ့အချိန်မှာ သူက အဆင်ပြေနေပါပြီ" လို့ အယ်လ်မေးဒါက ပြောပါတယ်။ အယ်လ်မေးဒါးက စပို့တင်းလူငယ်အသင်းမှာ ရော်နယ်ဒိုနဲ့ အသင်ေးဖာ်တွေဖြစ်ခဲ့ပြီး ရော်နယ်ဒိုက သူ့လိုပဲ အခြားသူတွေကို တိုးတက်စေချင်တဲ့သူလို့ ဆိုပါတယ်။ "အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိပေမယ့် ရော်နယ်ဒိုက သူတို့နဲ့မတူဘူးဗျ၊ သူက အလုပ်ကို သဲသဲမဲမဲလုပ်တယ်၊ သူ့အတွက်လေ့ကျင့်ခန်းအစီအစဉ်ရဲ့အချိန်က မလုံလောက်ဘူး၊ သူက အမြဲတမ်းနာရီဝက်လောက် အပိုလေ့ကျင့်နေခဲ့တာပါ၊ အသင်းမှာလည်း သူက သြဇာရှိပါတယ်၊ အသင်းဖော်တွေကို စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်သူပါ"

"ကျွန်တော်တို့က မိဘတွေနှစ်သက်မှုရဖို့ ဘောလုံးကစားခဲ့တာပါ၊ သူကတော့မဟုတ်ဘူး၊ သူ့ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်စေချင်ခဲ့တာပါ" လို့ အယ်လ်မေးဒါးက ဆိုပါတယ်။ စပို့တင်းအသင်းကြီးကို ရော်နယ်ဒိုရောက်ပြီးတော့ သိပ်မကြာခင်မှာပဲ သူ့ဘဝရဲ့အကြီးမားဆုံးအပြောင်းအလဲကို ရင်ဆိုင်ရပါတော့တယ်။ ရာသီကြိုခြေစမ်းပွဲအဖြစ် ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲအပြီးမှာပဲ ဖာဂူဆန်က သူ့ကို စာချုပ်သွားခဲ့တာပါ။ အဲဒီနောက် ဖြစ်ခဲ့တာတွေကတော့ အားလုံးလည်း သိပြီးတဲ့အတိုင်းပါပဲ။ ယူနိုက်တက်မှာ သူ ၆ နှစ်ကြာကစားပြီးတော့ အောင်မြင်ခဲ့တယ်။ ရီးရဲလ်ကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ပြောင်းရွှေ့ခဲ့ပြီး ၉ နှစ်ကြာကစားပြီး အကြိးကျယ်အခမ်းနားဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ 

"ကျွန်တော်ကတော့ မက်ဒရစ်ကို သွားပြီးတော့ ရီးရဲလ်မက်ဒရစ်ပွဲတွေ သွားသွားကြည့်ဖြစ်ပါတယ်၊ ကျွန်တော့်အတွက်တော့ တကယ်စိတ်ကျေနပ်စရာပါပဲ၊ သူ ကစားတာကို ကြည့်ရတာ ကျွန်တော်အရမ်းပျော်ရွှင်မိတယ်၊ သူ ဂိုးသွင်းတာတွေကိုမြင်ရတော့လည်း ကျေနပ်မိတယ်၊ သူ ဆုဖလားတွေကိုင်မြှောက်တာ၊ တစ်ဦးချင်းဆုတွေရတာ၊ ဒါတွေအားလုံးက ကျွန်တော့်ကို တကယ်ဂုဏ်ယူမိစေပါတယ်" လို့ ရော်နယ်ဒိုရဲ့ ခေါင်းကိုင်ဖခင်ဆွာဆာကပြောခဲ့ပါတယ်။ သူ စင်တင်ပေးခဲ့တဲ့ချာတိတ်တစ်ဦးက သူယုံကြည်ခဲ့သလိုဖြစ်နေခဲ့တာတွေအတွက်ကို သူ ကျေနပ်နေတာပါ။ 

"ဒီမှာရှိနေတဲ့ ကလေးတိုင်းက ရော်နယ်ဒိုလို အိပ်မက်တွေရှိနေကြပါတယ်၊ သူတို့အားလုံးက ရော်နယ်ဒိုလိုဖြစ်ချင်နေကြပါတယ်၊ ဒါပေမယ့် မက်ဒဲရားမှာတော့ နောက်ထပ်ရော်နယ်ဒိုရှိလာတေ့ာမှာမဟုတ်ပါဘူး၊ ရော်နယ်ဒိုဆိုတာ တစ်ဦးတည်းပဲ ရှိနေမှာပါ၊ သူမှတပါးအခြားရှိတော့မှာမဟုတ်ပါဘူး" လို့ ရော်နယ်ဒိုရဲ့ စပို့တင်းလူငယ်ဘဝမှာ ကြုံကြိုက်ဖူးခဲ့တဲ့ စပို့တင်းဘောလုံးကွင်းဝန်ထမ်းကြီးရူအီက ပြောသွားခဲ့ပါတယ်။

(မျက်ရည်တွေကို လမ်းခင်းလျှောက်ခဲ့ရသူတစ်ဦး (သို့) သူတို့ပြောတဲ့ ရော်နယ်ဒိုရဲ့ငယ်ဘဝ (၁) ကို ဒီနေရာမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က