စီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၆ မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ နာပိုလီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်း ရရှိခဲ့တဲ့ ၃ ဂိုးစလုံးကို ဖန်တီးပေးခဲ့သူဖြစ်ပြီး ချီးကျူးသံတွေ လျှံထွက်အောင် စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။
Photos: Sportskeeda
ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၎င်းရဲ့ထိပ်တန်းဂိုးသွင်းစွမ်းရည်ကြောင့် လူသိများသူဖြစ်ပြီး ယမန်နေ့ညက နာပိုလီနဲ့ပွဲစဉ်မှာတော့ ဂိုးဖန်တီးမှုစွမ်းရည်ကိုပါ အံ့အားသင့်ဖွယ် ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသင်းဖော်တွေဖြစ်တဲ့ မန်ဇူကစ်နဲ့ ဘိုနူချီတို့ ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့သူဖြစ်ပြီး ရော်နယ်ဒိုဟာ စီးရီးအေမှာ ပျော်ရွှင်နေပြီလို့ နည်းပြ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး
"ရော်နယ်ဒိုဟာ သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ သူက ဘက်ပေါင်းစုံမှာ အရမ်းတော်တဲ့ကစားသမားဖြစ်ပြီး ဂိုးသွင်းရတာ နှစ်သက်သလို ဂိုးဖန်တီးရတာကိုလည်း ပျော်ရွှင်သူပါ"
"သူ့ရဲ့ဘောလုံးပေးပို့ရာမှာ တိကျသေချာတာဟာ တမူထူးခြားတဲ့အရာပါ။ ဒီပွဲက သူ့အတွက် ဒီရာသီရဲ့အကောင်းဆုံးပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
Photos: New Indian Express
ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ကစားပေးထားတဲ့ ၇ ပွဲမှာ ၃ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားတဲ့ကစားသမားဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာရှိကြတဲ့ ဂျူဗင်တပ်အသင်းရဲ့ပရိသတ်တွေဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ နာပိုလီနဲ့ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တွစ်တာလူမှုကွန်ရက်မှာ ချီးကျူးထောပနာပြုခဲ့ကြတာကို တွေ့ရပါတယ်။
ပရိသတ်တစ်ဦးက 'မနေ့ညက ရီးရဲမက်ဒရစ်အသင်းပရိသတ်တွေက ဘာနေဗျူးကွင်းထဲမှာ ရော်နယ်ဒိုနဲ့ နာပိုလီနဲ့ပွဲစဉ်မှာ ဒုတိယအကြိမ်မြောက် ဂိုးဖန်တီးမှုပြုလုပ်ပြီးနောက်မှာ ရော်နယ်ဒိုရဲ့နာမည်ကို ကြွေးကျော်ခဲ့ကြပါတယ်။ ဖလော်ရန်တီနိုပီးရက်ဇ်ကတော့ ချွေးပြန်နေလောက်ပြီ။ သူတို့အတွက် ဥရောပမှာ ရှည်လျားတဲ့ရာသီတစ်ခု ဖြစ်တော့မှာပါ'လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ဦးကလည်း ' ခရစ်စတီယာနိုရော်နယ်ဒို ဂိုးဖန်တီးမှု ဟက်ထရစ်ရယူသွားပြီ။ တချို့လူတွေ သူ့ကို ကောက်စားလို့ ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး။ ရော်နယ်ဒိုနဲ့ ဟာဇက်တို့ကတော့ ဘောလုံးလောကမှာ ဆရာကျလွန်းပါတယ်'လို့ ရေးသားထားပါတယ်။