ယနေ့နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ပထမပိုင်း စစချင်း ၂ မိနစ်မှာပဲ ဆစ်ဆိုခိုရဲ့ အငြင်းပွားဖွယ် လက်ထိဘောကို ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဆာလာက ပင်နယ်တီပြစ်ဒဏ်ဘောကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာကြောင့် လီဗာပူးအသင်းက အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။
စပါးအသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ၂ သင်းစလုံးဟာ အပိုင်အခွင့်အရေး ဖန်တီးနိုင်ခြင်းမရှိခဲ့တာမြင်တွေ့ခဲ့ရပြီး ပထမပိုင်းဟာ မရေရာမသေချာတဲ့ တိုက်စစ်ဆင်မှုမျိုးနဲ့သာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက တရစပ်ဖိအားပေးတိုက်စစ်ဆင်ကစားလာခဲ့ပြီး အပိုင်အခွင့်အရေးများစွာ ရရှိခဲ့ပေမယ့် လီဗာပူးအသင်းဂိုးသမား အယ်လီဆင်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းပြီးဆုံးခါနီး ၈၈ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ အိုရီဂီက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးအသင်းက ဥရောပဖလားကို ၆ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။