ဘာကာ၊ မိုချန်တို့နဲ့ပွဲရလဒ်တွေက သူ့အနာဂတ်ပေါ် မူတည်နေပါပြီ။
Pyae Phyo Thein

ရီးရဲလ်တာဝန်ရှိသူတွေဟာ ဇီဒန်းအပေါ် ဖိအားတွေပေးနေပြီဖြစ်ပြီး ဘာစီလိုနာ၊ မိုချန်ဂလာဘတ်တို့နဲ့ ကစားရမယ့်ပွဲတွေက သူ့ရဲ့ရာထူးကို အဆုံးအဖြတ်ပေးတော့မှာဖြစ်ပါတယ်။ 


ရှုံးပွဲတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းရဲ့ အနာဂတ်ဟာ လာမယ့်ပွဲစဉ်နှစ်ပွဲအပေါ်မှာ မူတည်နေပြီလို့ သိရပါတယ်။ ပြင်သစ်သတင်းဌာန L'Equipe ရဲ့ ဖော်ပြချက်အရ ရီးရဲလ်တာဝန်ရှိသူတွေဟာ ဇီဒန်းအပေါ် ဖိအားတွေပေးနေပြီဖြစ်ပြီး ဘာစီလိုနာ၊ မိုချန်ဂလာဘတ်တို့နဲ့ ကစားရမယ့်ပွဲတွေက သူ့ရဲ့ရာထူးကို အဆုံးအဖြတ်ပေးတော့မှာဖြစ်ပါတယ်။ 



ရီးရဲလ်မက်ဒရစ်ဟာ စပိန်လာလီဂါမှာ တန်းတက်ကာဒစ်ဇ်၊ ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနတ်တို့ကို အိမ်ကွင်းတွေမှာပဲ ဆက်တိုက်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း ကျေနပ်စရာမရှိခဲ့ဘဲ အသင်းခေါင်းဆောင်ရာမို့စ်မပါဝင်တဲ့ အချိန်မှာ ခံစစ်ပိုင်းအမှားအယွင်းတွေကလည်း ကြီးကြီးမားမားရှိနေခဲ့ပြီး ရှက်တာဒိုးနတ်ကို ပထမပိုင်းမှာပဲ ၃ ဂိုးအထိပေးခဲ့ရပါတယ်။ 

ရီးရဲလ်ဘုတ်အဖွဲ့အနေနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ရီဂူလွန်တို့ကို အသင်းအတွက်မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကာ ထွက်ခွာခွင့်ပေးခဲ့သူဖြစ်ပါတယ်။ အဆိုပါကစားသမားတွေက အဲဗာတန် နဲ့ စပါးတို့မှာ ကိုယ်စီခြေစွမ်းပြနေခဲ့ကြပြီး ဇီဒန်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အသင်းတာဝန်ရှိသူတွေက ဒေါသထွက်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က သတင်းတွေထွက်လာခဲ့ပါသေးတယ်။

လက်ရှိမှာ ဇီဒန်းအနေနဲ့ ဘာစီလိုနာ၊ မိုချန်ဂလာဘတ်တို့ကို အနိုင်ရရှိအောင် မဖြစ်မနေအားထုတ်ရတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲတွေမှာသာ ရလဒ်ဆိုးရွားခဲ့မယ်ဆိုရင်တော့ ဒုတိယအကြိမ်မြောက်အဖြစ် ဘာနေဗျူးကနေ ထွက်ခွာရဖို့က တော်တော်လေးနီးစပ်နေကာ သူ့နေရာအတွက် အသင်းဂန္ထဝင်ကစားသမားဟောင်း ရာအူးလ်ကို ခန့်အပ်မယ်လို့ ရေပန်းစားနေပြီဖြစ်ပါတယ်။ 

ဇီဒန်းကတော့ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက်ရယူပေးခဲ့ပြီးနောက် အသင်းကနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ ဒီနောက်မှာ ရီးရဲလ်က အခြေအနေဆိုးရွားနေခဲ့ပြီး ဇီဒန်းကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါဆုဖလားကို ဇီဒန်းက ရယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုတွေတော့ ရယူပေးနိုင်ခဲ့ပါတယ်။


Author


က္က