ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းနဲ့ ချန်ပီယံ မဖြစ်တဲ့အသင်းကြားက ဆုကြေးပမာဏက ပေါင် ၃.၅ သန်းသာ ကွာဟတာလည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပေါင် သန်း ၁၀၀ နီးပါးအထိ ဆုကြေးငွေတွေ ရရှိမှာ ဖြစ်ပြီး ဒီပမာဏဟာ အင်္ဂလိပ်ကလပ်တွေထဲ ဥရောပကလပ်ပြိုင်ပွဲတွေထဲမှာ အမြင့်မားဆုံးရရှိနိုင်မယ့် ဆုကြေးငွေ ပမာဏ ဖြစ်တယ်လို့ Daily Mail ကဖော်ပြပါတယ်။
လီဗာပူးအသင်းအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ပေါင် ၉၈.၁သန်းရရှိမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ၉၄.၆ သန်း ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ဖက် စပါးအသင်းကတော့ ချန်ပီယံဖြစ်ခဲ့ရင် ပေါင် ၉၃ သန်း ဝန်းကျင်ရရှိမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့ရင်တော့ ၈၉.၅ သန်းရရှိမှာ ဖြစ်ပါတယ်။
အခုအချက်အလက်တွေကတော့ အုပ်စုတွင်း ပွဲစဉ်များက ဆုကြေးများကစတင်ပြီး အခြေခံ တွက်ချက်ထားတာ ဖြစ်ပြီး လီဗာပူးအသင်းဟာ အုပ်စုတွင်းမှာ တစ်ပွဲအနိုင်ရရင် ၇.၉ သန်းရရှိပြီး စပါးကတော့ ၆.၉ သန်းရရှိခဲ့တယ် လို့သိရပါတယ်။
၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် အပိုဆုကြေးငွေအဖြစ် ပေါင် ၈.၄ သန်းရရှိခဲ့ပြီး ကွာတားအဆင့်ကို ရောက်တဲ့အတွက် ၉.၂ သန်း ပိုရခဲ့ပြန်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ရောက်အသင်းတွေကတော့ ပေါင် ၁၀.၆ သန်းစီ ထပ်မံ ပိုမိုရရှိခဲ့ကြပြီး ဗိုလ်လုပွဲရောက် အသင်းတွေကတော့ ၁၃.၂ သန်း ထပ်မံ မိုမို ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရတဲ့ ဆုကြေးငွေနဲ့ အနိုင်မရတဲ့ ဆုကြေးငွေ ကြားမှာတော့ များများစားစား မရှိတော့ပဲ ပေါင် ၃.၅ သန်းသာ ကွာခြားတော့တာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲက ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတိုင်းကို ခြေစစ်ပွဲမှစတင်ပြီး နောက်ဆုံး ချန်ပီယံဖြစ်တဲ့အထိ အဆင့်တိုင်းအတွက် သတ်မှတ် ဆုကြေးငွေတွေ သတ်မှတ်ပေးထားနှင့်ပြီး ဖြစ်တာကြောင့် ဗိုလ်လုပွဲမှာ ချန်ပီယံ ဖြစ်တဲ့အသင်းကသာ ဆုကြေးငွေ ပိုင်ဆိုင်တာမျိုး မဟုတ်ပါဘူး။
ဒါကြောင့် လက်ရှိ ဗိုလ်လုပွဲကို ကိုယ်စီ တက်လှမ်းလာခဲ့တဲ့ စပါးနဲ့ လီဗာပူးတို့ရဲ့ ယခုအချိန်ထိ ပြိုင်ပွဲတလျှောက် ရရှိထားတဲ့ ဆုကြေးငွေကို ပြန်ကြည့်လိုက်ရင် စပါးက ပေါင် ၈၉.၅ သန်းရရှိထားနှင့်ပြီ ဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် နောက်ထပ် ပေါင် ၃.၅ သန်းထပ်ပေါင်းပြီး ပေါင် ၉၃ သန်းအထိ ပြိုင်ပွဲတလျှောက် ပိုင်ဆိုင်သွားမှာပါ။
လီဗာပူးကလည်း လက်ရှိအချိန်ထိ ပေါင် ၉၄.၆ သန်း ပိုင်ဆိုင်ထားနှင့်ပြီ ဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် နောက်ထပ် ပေါင် ၃.၅ သန်း ထပ်ပေါင်းကာ ပေါင် ၉၈.၁ သန်းကို ပိုင်ဆိုင်နိုင်မှာပါ။ လီဗာပူးနဲ့ စပါးအသင်းတို့ရဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စပိန်နိုင်ငံ မက်ဒရစ် မြို့က အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။