ရန်ကုန်အသင်းနဲ့ စာချုပ်သက်တမ်းက လာမယ့် ဒီဇင်ဘာမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့မရှိပဲ ထိုင်းလိဂ်(၁) ကလပ်အသင်းတစ်သင်းမှာ ကစားသွားမှာ ဖြစ်တယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းက လာမယ့်နှစ်ဘောလုံးရာသီမှာ ထိုင်းလိဂ်ကို ပြောင်းရွှေ့ ကစားတော့မယ်လို့ DuwunSports ကို ပြောပါတယ်။
လက်ရှိ ကလပ်အသင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်ဒီဇင်ဘာမှာ ကုန်ဆုံးမှာ ဖြစ်ပြီး လာမယ့်နှစ်အတွက် တော့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုမှာ မဟုတ်ပဲ ထိုင်းလိဂ်ကိုသာ သွားဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
" ကျွန်တော်ရန်ကုန်အသင်းနဲ့ စာချုပ်သစ် ထပ်ပြီး ချုပ်ဆိုတော့မှာ မဟုတ်ပါဘူး။ လာမယ့်နှစ်ကိုတော့ ထိုင်းလိဂ်က အသင်းတစ်သင်းမှာ ကစား နိုင်ဖို့ အေးဂျင့်နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်မှာတော့ ဘယ်အသင်းကို သွားကစားမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ သေချာတာကတော့ လာမယ့်နှစ်မှာ ထိုင်းလိဂ်ကို သွားကစားမှာပါ။" လို့ ဇော်မင်းထွန်းကပြောပါတယ်။
ဇော်မင်းထွန်းကို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ရာသီမစခင်က ထိုင်းကလပ် ဆူဖန်ဘူရီအသင်းက ကမ်းလှမ်းခဲ့ပေမယ့်လည်း ရန်ကုန်အသင်းနဲ့ စာချုပ်ကျန်ရှိနေသေးတာကတစ်ကြောင်း၊အခြားသော အကြောင်းကြောင်းတွေကြောင့် တစ်ကြောင်း မသွားဖြစ်ခဲ့ပါဘူး။
အဲ့လို မသွားဖြစ်ခဲ့သလို ရန်ကုန်အသင်းကလည်း ပထမအကျော့ ရာသီအတွက် လူစာရင်းတင်သွင်းခဲ့ခြင်းမရှိလို့ ထိုင်းကိုလည်း မသွားဖြစ်၊ရန် ကုန်အသင်းနဲ့ပွဲမကစားဖြစ်ပဲ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာ့လက်ရွေးစင်အသင်းကတော့ အားထားရတဲ့ လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းကို ခေါ်ယူခဲ့ပြီး အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေမှာ အသုံးပြုခဲ့ပါတယ်။
ဒီကနေ့အချိန်မှာတော့ ဇော်မင်းထွန်းရဲ့ ပြောပြချက်အရ အသင်းအမည်ကို အတိအကျ ထုတ်ဖော်ပြောဖို့ မဖြစ်နိုင်သေးပေမယ့် ထိုင်းလိဂ်(၁)ရဲ့ ထိပ်တန်း အသင်းကြီးတစ်သင်းလို့တော့ သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပါက အဆို ပါထိုင်းကလပ်အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။
လက်ရှိ ထိုင်းလိဂ်(၁)မှာ အသင်းကြီးတွေ အဖြစ် ကစားနေတဲ့ အသင်းတွေကတော့ ချောင်ဘူရီ၊မြောင်တောင်၊ ဘူရီရမ်၊ ဘန်ကောက် ယူနိုက်တက်အပါအဝင် ကျော်ကိုကို ပါဝင်ကစားနေတဲ့ ချင်းရွိုင်အသင်း စတဲ့အသင်းတွေရှိနေပြီး ဘယ်အသင်းကို ပြောင်းရွှေ့ ကစားဖြစ်မှာလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။