၂၀၁၉-၂၀၂၀ ဘောလုံးရာသီမတိုင်ခင် အာရှကိုခြေစမ်းခရီးထွက်လာမယ့် လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲကစားခွင့် ရရှိဖို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ အာရှဘက်ကို ခြေစမ်းပွဲတွေ လာရောက်ကစားဖို့ ရှိနေတာဖြစ်ပြီး ဒီအခွင့်အရေးကို အရယူဖို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ကြိုးစားနေတာ ဖြစ်ပါတယ်။
VietNam News ရဲ့ ဖော်ပြချက်အရ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး လီဟွမ်အန်က - "လီဗာပူးလ်က လာမယ့်နွေရာသီမှာ အာရှကို လာရောက်ဖို့ အစီအစဉ်ရှီပါတယ်၊ သူတို့လာရောက်မယ့်ထဲမှာ ဗီယက်နမ်ကလည်း နေရာတစ်ခုဖြစ်လာနိုင်ပါတယ်၊ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လက်ရွေးစင်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ခြေစမ်းပွဲကစားနိုင်ဖို့ ကြိုးစားနေပါတယ်"
"ဒါပေမယ့်လည်း ဒီလိုဖြစ်လာဖို့က အကြောင်းအရာအများကြီးပေါ်မှာ မူတည်နေတာပါ၊ အဖွဲ့ချုပ်အနေနဲ့လည်း ဒီပွဲအတွက် မိတ်ဖက်အဖွဲ့အစည်းတွေကနေ စပွန်ဆာရယူနိုင်ဖို့ ကြိုးစားနေပါတယ်" လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အာရှတိုက်ကို ဈေးကွက်သဘောတရားအရ ကွန်ရက်ဖြန့်ကြက်ဖို့အတွက် ဥရောပဘောလုံးအသင်းတွေက ကြိုးစားလာပြီးနောက်မှာ မကြာခဏဆိုသလို အာရှမြေပေါ်ကို နာမည်ကျော်ကလပ်အသင်းတွေ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်သတင်းစာရဲ့ ယခင်ဖော်ပြချက်တွေမှာလည်း လီဗာပူးလ်အသင်းဟာ တရုတ် နဲ့ ဗီယက်နမ်တို့ကို ရာသီကြိုအာရှခရီးစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ လာရောက်မှာဖြစ်တယ်လို့ ရေးသားခဲ့ဖူးပါတယ်။ ဒီအတွက် ဟနွိုင်းမြို့က မိုင်ဒင်းအားကစားကွင်းကြီးအတွင်းမှာ လီဗာပူးလ်နဲ့ ဗီယက်နမ်တို့ရဲ့ ခြေစမ်းပွဲဖြစ်မြောက်လာဖို့ကို ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ (၄)မှတ်အသာနဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒုတိယနေရာက လက်ရှိချန်ပီယံမန်စီးတီးအသင်းကို အသာစီးရယူထားပြီး ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကို အရယူနိုင်ဖို့ မျှော်လင့်နေတဲ့
အင်္ဂလန်ထိပ်သီးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းကတော့ ပြီးခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်နိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။