မြန်မာယူ-၁၈ အသင်းမှာ ပါဝင်နေတဲ့ ဟိန်းထက်အောင်နဲ့ နောက်ခံလူ စည်သူမိုးခန့်တို့ကို အသက်ကျော် ကစားသမား ဖြစ်ဟန်ရှိတယ်လို့ ပရိသတ်တွေက လူမှုကွန်ရက်မှာ ဝေဖန်နေတဲ့အပေါ် ဦးကိုကိုသိန်းက ပြန် လည်ဖြေရှင်းခဲ့တာပါ။
အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းမှာ အသက်ကျော် ကစားသမား မပါရှိဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Duwun Sportsကို အတည်ပြု ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်တို့အသင်းမှာ ကစားသမား အားလုံး အသက်မှန်ကန်မှုရှိပါတ်၊ အသက်ကျော် ကစားသမား လုံး၀ မပါပါဘူး။အသက်ကျော်နေတယ်လို့ ထင်တဲ့ ကစားသမားအချို့ကလည်း အသက်ပြည့်မီထားပြီးသားဖြစ်ပြီး နဂို ကတည်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောလုံးကစားနေသူတွေ ဖြစ်ပါတယ်။” လို့ ဦးကိုကိုသိန်းက ပြောပါ တယ်။
မြန်မာ ယူ-၁၈ အသင်းကိုတော့ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း တာဝန်ယူ ကိုင်တွယ်နေပြီး လာမယ့် သြဂုတ် ၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပမယ့် အာဆီယံယူ-၁၈ ပြိုင်ပွဲကိုဝင်ပြိုင် ဖို့ မနေ့က ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာ ယူ-၁၈ အသင်းမှာ ရွေးချယ်ထားတဲ့ ဟိန်းထက်အောင်နဲ့ နောက်ခံလူ စည်သူမိုးခန့် တို့ကို အသက်ကျော်ကစားသမားများဖြစ်ဟန်ရှိတယ်လို့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အချို့ ပရိသတ်တွေက ရေးသားဖော်ပြလာခဲ့တာ တွေ့ရပါတယ်။
မြန်မာယူ-၁၈ အသင်းကတော့ အုပ်စု(က)မှာ အင်ဒိုနီးရှား၊ လာအို၊တီမော၊ဖိလစ်ပိုင်၊ဘရူနိုင်းအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
လတ်တလောမှာတော့ ကျင်းပလျက်ရှိတဲ့အာဆီယံ ယူ-၁၅ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ အသက်ကျော် ကစားသမားထည့်သွင်းမှုတွေ ရှိနေတာ တွေ့ရပြီး မြန်မာအသင်းအနေနဲ့လည်း တီမောအသင်းဖက်က အသက် ကျော်ကစားသမားရှိတယ်လို့ ကန့်ကွက်မှု ပြုလုပ်ခဲ့ပါတယ်။
ဒီအပေါ်မှာတော့ အာဆီယံဘောလုံးအဖွဲ့ချုပ်က စစ်ဆေး စုံစမ်းမှုများပြုလုပ်အပြီး အသက်ကျော်နေတဲ့ ကစားသမားကို ထည့်သွင်းခဲ့တဲ့ တီမောအသင်းကို ပြိုင်ပွဲမှထုတ်ပယ်လိုက်ပြီလို့လည်း ဒီကနေ့မှာ သတင်းထုတ် ပြန်လာပါတယ်။
နောက်ထပ်လည်း လာအိုအသင်းမှာ အသက်ကျော် ကစားသမားပါဝင်နေတယ်လို့ မလေးရှားအသင်းက ထပ်မံ ကန့်ကွက်ထားတာ ရှိတာကိုလည်း တွေ့မြင်ရပါတယ်။