ဇင်းနစ်တိုက်စစ်မှူးဆာဒါအက်ဇ်မွန်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းဘက်က စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးလ်သတင်းတွေကို ဖော်ပြပေးလေ့ရှိတဲ့ Liverpool Echo သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ကစာသမားအတွက် ကင်းထောက်စုံစမ်းမှုတွေကို ပြုလုပ်နေပြီး ဝုလ်ဗ်ကလည်း အက်ဇ်မွန်အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ အက်ဇ်မွန်က အီရန်အတွက်ခြေစွမ်းပြခဲ့ပြီးနောက်မှာ ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။ နာမည်ကျော်ရုရှကလပ်အသင်းတွေဖြစ်တဲ့ ရူဘင်ကာဇန်၊ ရော့စတော့ဗ်တို့မှာလည်း ကစားခဲ့ဖူးတဲ့ အက်ဇ်မွန်ဟာ ဇင်းနစ်အတွက် ရုရှပရီးမီးယားလိဂ်ပွဲ (၁၂)ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး (၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အသက် (၂၄)နှစ်အရွယ် အီရန်တိုက်စစ်မှူးကလည်း ဥရောပရဲ့ထိပ်တန်းလိဂ်တစ်ခုကို ပြောင်းရွှေ့ခွင့်ရရှိမယ့် အခွင့်အရေးကို အရယူချင်နေတယ်လို့ သိရပါတယ်။ အီရန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၄၅)ပွဲမှာ သွင်းဂိုး (၂၈)ဂိုးအထိ အက်ဇ်မွန်က သွင်းယူပေးထားပြီး ထိပ်တန်းတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အတွက် တိုက်စစ်မှူးတစ်ဦးထပ်မံမလိုအပ်ဘူးလို့ နည်းပြယာဂင်ကလော့ပ်က ပြောဆိုထားပေမယ့်လည်း စတားရစ်ချ်ကို အလွတ်ထွက်ခွာခွင့်ပြုခဲ့ပြီးနောက်မှာ အရန်တိုက်စစ်မှူးအဖြစ် အိုရီဂီတစ်ဦးတည်းသာ ကျန်ရှိနေပါတယ်။ ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ထဲက တစ်ဦးဦးသာကာလရှည် အနားယူရခဲ့မယ်ဆိုပါက အစားထိုးဖို့ ကစားသမားလိုအပ်ချက် ရှိနေပါတယ်။
ြပီးခဲ့တဲ့ရာသီမှာ အိုရီဂီက လီဗာပူးလ်အတွက်အားကိုးရတဲ့ ကစားသမားဖြစ်ခဲ့ပြီး အရေးပါတဲ့အချိန်တွေမှာ အဖိုးတန်သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အိုရီဂီက အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ပွဲမှာ နှစ်ဂိုးသွင်းကာ အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။