လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား ဆူဆိုကို ပြန်လည်ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ Sportbible ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အကယ်ဒမီမှာ (၂)နှစ်ကြာ လေ့ကျင့်ခဲ့ပြီးနောက် ဆူဆိုဟာ လီဗာပူးလ် ပထမအသင်းကြီးရဲ့ ကစားသမားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အသင်းကြီးအတွက် (၂၁)ပွဲ ပါဝင်ကစားပေးပြီးခဲ့ပြီးနောက်မှာ ဆူဆိုဟာ အေစီမီလန်အသင်းကို ပေါင် (၁)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး စာချုပ်သစ်မချုပ်ဖြစ်ခဲ့ပဲ အေစီမီလန်ကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက် လီဗာပူးလ်ကို နစ်နာကြေးအဖြစ် အေစီမီလန်က ပေါင် (၁)သန်းသာ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းမှာ ဆူဆိုက ခြေစွမ်းပြကစားနေခဲ့ပြီးနောက် ပြန်လည်ခေါ်ယူဖို့အတွက် လီဗာပူးလ်က စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဂတ်တူဆိုရဲ့ အသင်းမှာ ဆူဆိုက အဓိကကစားသမားအဖြစ် ပါဝင်နေခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် (၁၅)ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၄)ဂိုးနဲ့
ဂိုးဖန်တီးမှု (၈)ကြိမ်ကို ဆူဆိုက ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအတွက် ဆူဆိုကို အန်ဖီးလ်ကလပ်က ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး ကစားသမားရဲ့ တန်ကြေးကို ပေါင်သန်း (၄၀)သတ်မှတ်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Liga Financial ရဲ့ ဖော်ပြမှုကို ကိုးကားပြီး Sportbible က ပြန်လည်ဖော်ပြခဲ့ပါတယ်။ အသက် (၂၅)နှစ်အရွယ် ကစားသမားအတွက် လီဗာပူးလ်ဟာ ငွေကြေးအများအပြား ပြန်လည်သုံးစွဲရမှာလည်း ဖြစ်ပါတယ်။
ဆူဆိုကတော့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ အေစီမီလန်နဲ့ စာချုပ်သစ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အထိ ဆန်စီရိုမှာ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပြီး လီဗာပူးလ်အနေနဲ့ ဆူဆိုကို အမှန်တကယ် ခေါ်ယူချင်တယ်ဆိုရင်တောင်မှ
ခက်ခက်ခဲခဲ ကြိုးစားရဖွယ် ရှိနေပါတယ်။