#StopHateForProfit ကမ်ပိန်းလည်း စတင်နေပါတယ်

နိုင်ငံရေးသမားတွေရဲ့ စည်းမျဉ်းချိုးဖောက်တဲ့ ပို့စ်တွေကို အန္တရာယ်ရှိ အကြောင်းအရာအဖြစ် Label တပ်သွားမယ်လို့ ကတိပြုခဲ့ပေမယ့် Coca-Cola ၊ Honda နဲ့ Unilever အပါအဝင် ထိပ်တန်းကြော်ငြာရှင်တွေကတော့ Facebook ပေါ်မှာ ကြော်ငြာမှု ယာယီရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။


သမ္မတထရမ့်တင်တဲ့ ပို့စ်တွေပေါ် အရေးမယူဘဲ လွှတ်ထားတဲ့ကိစ္စအပါအဝင် အမုန်းစကားနဲ့ သတင်းမှား ကိုင်တွယ်မှုအပေါ် Facebook ကြော်ငြာရှင်တွေဟာ တုန့်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇွန်လထဲမှာ အရပ်ဘက်လူ့အခွင့်အရေးအဖွဲ့အစည်းတွေထဲက အသားအရောင်ခွဲခြားမှု ဆန့်ကျင်တဲ့ NAACP ၊ Anti-Defamation League ၊ Color of Change နဲ့ Free Press တို့ဟာ #StopHateforProfit ကမ်ပိန်းတစ်ခု လုပ်ခဲ့ပြီး ဇူလိုင်တစ်လလုံး Facebook ပေါ်မှာ ငွေကြေးသုံးစွဲမှု မလုပ်ဖို့ ကြော်ငြာရှင်တွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှု စတင်ခဲ့ပါတယ်။



Photo:todaynewspost


ကမ်ပိန်းစပြီး မကြာခင်မှာပဲ ကုမ္ပဏီပေါင်း ၉၀ ကျော်ဟာ Facebook ပလက်ဖောင်းပေါ် ကြော်ငြာခသုံးစွဲမှု ရပ်ဆိုင်းခဲ့ပါတယ်။ ဒီထဲမှာ Patagonia ၊ Ben & Jerry’s ၊ Verizon တို့ နဲ့အတူ နာမည်ကြီး အိမ်သုံးကုန်ပစ္စည်းအမှတ်တံဆိပ်တွေ ဖြန့်ချိနေတဲ့ Unilever လည်း ပါဝင်လာပါတယ်။Unilever ဟာ Hellmann မယောနိစ်ဆော့နဲ့ Dove ဆပ်ပြာတို့လို အမှတ်တံဆိပ်ဒါဇင်များစွာ တင်သွင်းနေတဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး ဒီအမှတ်တံဆိပ်တွေအကြောင်း ကြော်ငြာချန်နယ်မျိုးစုံကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် သုံးစွဲနေတာ ဖြစ်တယ်လို့ The Verge ကဆိုပါတယ်။

Unilever ဟာ နှစ်ကုန်တဲ့အထိ Facebook ၊ Instagram နဲ့ Twitter တို့အပေါ် ကြော်ငြာခ သုံးစွဲမှု ရပ်နားထားမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ Unilever ဟာ အမေရိကန်နိုင်ငံအတွင်း ကြော်ငြာမှုအတွက် Facebook ပေါ်မှာ ဒေါ်လာ ၄၂.၄ သန်းသုံးစွဲခဲ့တယ်လို့ ကြော်ငြာဈေးကွက်လေ့လာရေးပလက်ဖောင်း Pathmatics က ဆိုပါတယ်။ ဒီသတင်းထွက်လာပြီးနောက် Facebook ရဲ့ စတော့ခ်ရှယ်ယာတန်ဖိုးဟာ ၇% ကျော် ကျဆင်းသွားခဲ့ပါတယ်။ 

“ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းဘေးကင်းစိတ်ချဖို့အတွက် နှစ်တိုင်း ဒေါ်လာဘီလျံချီပြီး ရင်းနှီးမြှပ်နှံမှု လုပ်ထားပါတယ်။ ပြင်ပက ကျွမ်းကျင်သူတွေနဲ့လည်း ကျွန်တော်တို့ရဲ့ မူဝါဒကို သုံးသပ်ပြီး အဆင့်မြှင့်တင်ဖို့အတွက် စဉ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေပါတယ်။ နောက်ထပ်လည်း ထပ်ပြီး လုပ်စရာတွေ ရှိတာ သိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ ၊ GARM နဲ့ တစ်ခြား ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီး မူဝါဒ ၊ နည်းပညာနဲ့ tools တွေ ဆက်လက်ဖွံ့ဖြိုးမှု လုပ်သွားမှာပါ” လို့ Facebook ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။ 

#StopHateforProfit ကမ်ပိန်းထဲမှာ Facebook မှာ စီးပွားရေးလုပ်ငန်းငယ်များအပြင် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာသုံးပြီး ကြော်ငြာထည့်သွင်းနေတဲ့ စီးပွားရေးလုပ်ငန်းကြီးများလည်း ပါဝင်ခဲ့ပါတယ်။ ကြော်ငြာဟာ Facebook ရဲ့ ပင်မစီးပွားရေးတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ကြော်ငြာကနေ ဝင်ခဲ့တဲ့ ဝင်ငွေဟာ ဒေါ်လာဘီလျံ ၇၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လကစပြီး American Honda ဟာ Facebook နဲ့ Instagram ပေါ်မှာ ကြော်ငြာသုံးစွဲမှု ရပ်နားထားမှာ ဖြစ်ပြီး ဒီလိုလုပ်ရခြင်းဟာ အမုန်းတရားနဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ရွေးချယ်တာကြောင့် ဖြစ်တယ်လို့ Twitter ပေါ်မှာ ကြေညာထားပါတယ်။ Coca-Cola ကလည်း လူမှုကွန်ရက်ပလက်ဖောင်းအားလုံးပေါ်မှာ ကြော်ငြာမှုကို အနည်းဆုံး ရက် ၃၀ ကြာအောင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရပ်ထားမယ်လို့ ဆိုပါတယ်။ 

Photo: usagag


မစ်ဆူရီမှ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် အသတ်ခံရပြီးနောက် လူထုအုံကြွမှုအတွင်း လုယက်မှုဖြစ်ရင် ပစ်ခတ်ဖို့ ပြောခဲ့တဲ့ သမ္မတထရမ့်ရဲ့ ပို့စ်အပေါ် Facebook မှ ဖြုတ်ချအရေးယူမှု မလုပ်ခဲ့ခြင်းဟာ ကုမ္ပဏီပေါ် အခုလို သပိတ်မှောက်ခံရတဲ့အထိ ဦးတည်လာတာပါ။ သမ္မတရဲ့ ပို့စ်ကို သတင်းဖြစ်ထိုက်တယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ထားရှိတဲ့ Facebook ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီရဲ့ ဝန်ထမ်းများ ၊ နိုင်ငံရေးသမားများနဲ့ ဇူကာဘာ့ခ်တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့အစည်းမှ သိပ္ပံပညာရှင်များကပါ ကန့်ကွက်ဝေဖန်ခဲ့ပါတယ်။ 

#StopHateForProfit ကမ်ပိန်းဟာ ဟာ ကြော်ငြာရှင်များ Facebook ဝန်ဆောင်မှုပေါ်မှာ ကြော်ငြာမှုမလုပ်ဖို့ နဲ့ သပိတ်မှာ ပါဝင်ဖို့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Los Angeles Times မှာ တစ်မျက်နှာပြည့် ကြော်ငြာထည့်သွင်းခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က