Huawei ကိုလည်း ကန့်သတ်ထားပါတယ်

အမေရိကန်ကျေးလက်ဒေသ မြန်နှုန်းမြင့် 5G ကြိုးမဲ့ကွန်ရက်ချိတ်ဆက်မှုအတွက် ရန်ပုံငွေတစ်ရပ် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် FCC က အတည်ပြုလိုက်ပါတယ်။

ဒေါ်လာ ၉ ဘီလျံအထိ ပေးအပ်သွားမယ့် ဒီရန်ပုံငွေကို Universal Service Fund (USF) လို့ခေါ်ပြီး လူနေနည်းပါးတဲ့ အစွန်အဖျားဒေသတွေမှာ အဆင့်မြင့် 5G မိုဘိုင်းကြိုးမဲ့ ဝန်ဆောင်မှုပေးမယ်လို့ FCC ဥက္ကဌ အဂျစ်ပိုင်က ဆိုပါတယ်။ USF ဟာ အိမ်ထောင်စုတွေ ၊ စာကြည့်တိုက်တွေနဲ့ စာသင်ကျောင်းတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ကျေးလက်တယ်လီကွန်းအော်ပရေတာတွေကို ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေတစ်ရပ် ဖြစ်ပါတယ်။



Photo: Axios


5G Fund ဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကျေးလက်တယ်လီကွန်းတွေအတွက် လုပ်ဆောင်ခဲ့တဲ့ ဒေါ်လာ ၄.၅၃ ဘီလျံတန် 4G LTE အစီအစဉ် Mobility Fund Phase II ကို အစားထိုးသွားမှာပါ။ လူနေကျဲပါးတဲ့ ကျေးလက်ဒေသတွေအတွက် ပေးခဲ့တဲ့ 4G LTE ရန်ပုံငွေအစီအစဉ်လုပ်ဆောင်စဉ်က တယ်လီကွန်း carriers တွေဟာ 4G LTE ကွန်ရက်လွှမ်းခြုံမှုကို ရှိရင်းစွဲထက် ပိုပြီး စာရင်းပြခဲ့တာကြောင့် FCC ဟာ ကွန်ရက်စွမ်းဆောင်ရည်နဲ့ မြန်နှုန်းတိုင်းတာမှု အကြိမ်ပေါင်း ထောင်နဲ့ချီ လုပ်ဆောင် စုံစမ်းထားတယ်လို့ ဆိုပါတယ်။

ယခု 5G ရန်ပုံငွေအစီအစဉ်ထဲက အနည်းဆုံး ဒေါ်လာ ၁ ဘီလျံကို ဂြိုလ်တုစောင့်ကြည့်ရေးနည်းပညာသုံး စိုက်ပျိုးရေးကဏ္ဍပိုင်း 5G အသုံးချဖို့အတွက် ရည်ရွယ်သွားမယ်လို့လည်း CNET သတင်းက ဆိုပါတယ်။ USF ရန်ပုံငွေသစ်ကို ကျေးလက်တယ်လီကွန်း Carriers တွေက လေလံစနစ်နဲ့ ခွဲဝေရယူရမှာ ဖြစ်ပါတယ်။ FCC ရဲ့ ဒီရန်ပုံငွေဟာ ပဉ္စမမျိုးဆက် 5G ပိုင်းမှာ ကျေးလက်နေပြည်သူများ နောက်ကျ ကျန်မနေစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။


Photo: webpronews

" ဒီဂျစ်တယ် ကွာဟမှုကို 5G ကြောင့် ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ကျေးလက်နေ အမေရိကန်ပြည်သူတွေဟာလည်း ကြိုးမဲ့ဆန်းသစ် နည်းပညာကနေ အကျိုးအမြတ်တွေ ရရှိအောင် လုပ်ရမှာပါ" လို့ အဂျစ်ပိုင်က မှတ်ချက်ပြုပြောကြားထားပါတယ်။ FCC ဟာ ကျေးလက်ဒေသ အိမ်သုံး Broadband အင်တာနက်ဝန်ဆောင်မှု ချဲ့ထွင်ရေးအတွက်လည်း လာမယ့် ဆယ်စုနှစ်အတွင်း အိမ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၃၆၅၇၉ ခုအတွက် မြန်နှုန်းမြင့် အင်တာနက်ပေးဖို့ နောက်ထပ် ဒေါ်လာ ၁၃၇ သန်းစွဲသွားမယ်လို့ ဆိုပါတယ်။

FCC ရဲ့ USF ရန်ပုံငွေအထောက်အပံ့ခံ ကျေးလက်တယ်လီကွန်းတွေဟာ Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူသုံးစွဲခွင့် တားမြစ်ခံထားရပါတယ်။ FCC ဟာ ကျေးလက်တယ်လီကွန်း carriers များ Huawei ထုတ် ပစ္စည်းကိရိယာများ ဝယ်ယူရာမှာ USF ရန်ပုံငွေ သုံးစွဲခွင့် ပိတ်ပင်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်ထားပြီး Huawei ဘက်ကလည်း ဒီအမိန့်ကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က