နောက်ဆို ဖုန်းဗူးမပါဘဲ ရောင်းလာကြမလား
Nyein Min Wai

၂၀၂၁ မှာ Charger မပါတဲ့ အန်းဒရိုက်ဖုန်းတွေ မြင်တွေ့ရတော့မှာပါ။

Apple က စတင်လိုက်တဲ့ ဂေဟစနစ် ထိန်းသိမ်းရေးဟာ အစောပိုင်းက ပွက်ပွက်ညံအောင် ဝေဖန်ခဲ့ကြပေမယ့် အခုတော့ iPhone 12 စီးရီးရဲ့ ခြေရာအတိုင်း အန်းဒရိုက် OEMs တွေလည်း လိုက်ဖို့ ပြင်နေပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ အသစ်ထွက်လာမယ့် Mi 11 ဖုန်းဗူးတွေမှာ Charger ထည့်သွင်းတော့မှာ မဟုတ်ဘူးလို့ Reddit ပေါ်မှာ ကြေညာခဲ့ပါတယ်။

Photo: Gizguide

အကြောင်းပြချက်က Apple စကားအတိုင်းပါပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး စွန့်ပစ်မှု နည်းတဲ့ ထုတ်ကုန်တစ်ခုဖြစ်ဖို့နဲ့ Packaging သေးသွားစေဖို့ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ကွန်ဖရင့်တစ်ခုမှာ ဆွေးနွေးမှုလည်း လုပ်သွားဖို့ ရှိပါတယ်။ Xiaomi ရဲ့ ဒီဆုံးဖြတ်ချက်က ဖုန်းဝယ်ဖို့ ဟန်ပြင်နေသူတချို့အတွက် သဘောကျစရာဖြစ်မှာ မဟုတ်ပါဘူး။

Charger မပါတဲ့ ဖုန်းဗူးတွေ ထုတ်လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တယ်ဆိုပေမယ့် ဒါဟာ အကုန်အကျနည်းအောင် ထုတ်တာလို့လည်း ဝေဖန်နေကြပါတယ်။ Charger ထည့်မပေးတာကြောင့် တရားဝင် ကုမ္ပဏီထုတ် Charger ဝယ်စေပြီး အမြတ်ထုတ်လို့လည်း ရနိုင်တဲ့ အကွက်ဖြစ်ပါတယ်။

Photo: regardnews

ဖုန်းသစ်မှာပေးတဲ့ Fast Charging support အပြည့်အဝရနိုင်ဖို့ဆို သူနဲ့ အံဝင်ခွင်ကျထုတ်ထားတဲ့ Charger မသုံးလို့ မရပါဘူး။ ဒီနည်းနဲ့လည်း Charger ရှိထားတဲ့သူတွေပါ သီးသန့် ထပ်ဝယ်ရအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ မြောက်အမေရိကနဲ့ တခြားဈေးကွက်တွေလိုမျိုး Xiaomi ထုတ်ကုန်သုံးစွဲသူ နည်းတဲ့နေရာတွေမှာ ပြဿနာ မရှိပေမယ့် အိန္ဒိယနဲ့ အာရှလို ဈေးကွက်က သုံးစွဲသူတွေအတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။

Xiaomi လိုပဲ Samsung ကလည်း လာမယ့်ဇန်နဝါရီလထဲ ဖြန့်ချိမယ့် Galaxy S21 စီးရီးမှာ အားသွင်း Charger ထည့်ပေးတော့မှာ မဟုတ်ပါဘူး။ လာမယ့်နှစ်တွေမှာဆို Charger မပါတဲ့ ဖုန်းဗူးတွေကို တွေ့ရတဲ့အခါ အံ့ဩစရာဖြစ်နေမှာ မဟုတ်တော့ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က