ဒုတိယအကြိမ် လွှင့်တင်ချိန်မှာ အောင်မြင်ခဲ့တာပါ

နာဆာအာကာသယာဉ်နှစ်ဦး သယ်ဆောင်ခဲ့တဲ့ Space X အာကာသယာဉ်ဟာ တနင်္ဂနွေမနက်က နိုင်ငံတကာ အာကာသယာဉ်စခန်း ISS ကို အောင်အောင်မြင်မြင် ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

သမိုင်းတွင်တဲ့ ဒီအာကာသယာဉ်ခရီးဟာ Space X ရဲ့ ပထပမဆုံး လူလိုက်ပါလာတဲ့ ခရီး ဖြစ်သလို နာဆာအာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ ဘန်ခ်ဟမ်နဲ့ ဟာလေ ပုဂ္ဂလိကပိုင် အာကာသယာဉ်ကုမ္ပဏီနဲ့ ခရီးလိုက်ပါလာတဲ့ ပထမဆုံး ခရီးသည်တွေ ဖြစ်လာပါတယ်။ Demo-2 လို့ နာမည်ပေးထားတဲ့ ဒီခရီးစဉ်အတွက် Falcon 9 ဒုံးပျံသုံးပြီး Space X ရဲ့ Crew Dragon အာကာသယာဉ်ကုမ္ပဏီနဲ့ ပျံသန်းတာ ဖြစ်တယ်လို့ Tech Crunch သတင်းက ဆိုပါတယ်။





ပြီးခဲ့တဲ့ တစ်ပတ် ဗုဒ္ဓဟူးနေ့ ကနဦး ပျံသန်းဖို့ အစီအစဉ်ဟာ ရာသီဥတုအခြေအနေကြောင့် ပျက်သွားပြီးနောက် ဒုတိယအကြိမ် လွှင့်တင်မှု လုပ်ခဲ့တာပါ။ ဒါဟာ ကိုးနှစ်အတွင်း အမေရိကန်အာကာသအေဂျင်စီ နာဆာရဲ့ ပထမဆုံးအကြိမ် အမေရိကန်မြေပေါ်ကနေ အမေရိကန်ထုတ် အာကာသယာဉ်နဲ့ အာကာသထဲ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

နာဆာဟာ အမေရိကန်အာကာသယာဉ်မှူးများ အာကာသယာဉ်စခန်းထဲ ပို့ဆောင်ဖို့ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ရုရှားကို ဒေါ်လာ သန်း ၉၀ အထိ ပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ နာဆာဟာ အာကာသယာဉ်မှူးများ ပို့ဆောင်ရေးကို ပုဂ္ဂလိကကဏ္ဍကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၄ မှာ Space X နဲ့ Boeing ကုမ္ပဏီတို့ကို စုစုပေါင်း ဒေါ်လာ ၆.၈ ဘီလျံတန် ကန်ထရိုက်တွေ ‌ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အာကာသယာဉ်မှူးတွေ မပါဘဲ စမ်းသပ်တဲ့ မစ်ရှင်တစ်ခုအတွင်း သိသာတဲ့ ပြဿနာတွေနဲ့ ကြုံပြီးနောက် Boeing ရဲ့ Starliner အာကာသယာဉ်နဲ့ ပျံသန်းမှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။ Space X ရဲ့ Crew Dragon ယာဉ်ဟာISS စခန်းဆီ အလိုအလျောက် မောင်းနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပေမယ့် အာကာသယာဉ်မှူးနှစ်ဦးဟာ လူထိန်းစမ်းသပ်မှုတစ်ချို့ကို နာရီဝက်ခန့်ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။

"တစ်ကမ္ဘာလုံးက ဒီမစ်ရှင်ကို ကြည့်နေခဲ့ကြပါတယ်။ ကျွန်တော်တို့လည်း အခု ကျွန်တော်တို့ လုပ်ခဲ့သမျှအားလုံးအတွက် ဂုဏ်ယူပါတယ်။ တကယ်တော့ တစ်ကမ္ဘာလုံးကိုလည်း အားတက်စေပါတယ်။" လို့ နာဆာအုပ်ချုပ်ရေးမှူး ဂျင်မ်ဘရိုင်ဒန်စတိုင်းက ဆိုပါတယ်။

Photo: The Verge



Crew Dragon ဟာ ISS နဲ့ ချိတ်မိပြီ ဖြစ်ကြောင်း တနင်္ဂနွေနေ့ နေ့လည်အချိန် ကနေဒီအာကာသစင်တာကနေ ထွက်ခွာပြီး ၁၉ နာရီအကြာမှာ အတည်ပြုခဲ့ပါတယ်။ Crew Dragon ကို လိုရာရောက်အောင် မောင်းနှင်ပြီးနောက် ကမ္ဘာမြေဆီ ပြန်ဆင်းသက်လာတဲ့ Falcon 9 ဒုံးပျံဟာ အတ္တလန်တိတ်သမုဒ္ဓရာထဲ ဆင်းသက်မှာ ဖြစ်ပြီး Space X ဟာ ဒီဒုံးပျံကို ပြန်ပြုပြင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Space X ဟာ ဒီနှစ်ကုန်ပိုင်းမှာ ISS အာကာသစခန်းအတွက် အာကာသယာဉ်မှူးများကို ပုံမှန်လုပ်ငန်းမစ်ရှင်များအတွက် ပို့ဆောင်ပျံသန်းပေးသွားမှာ ဖြစ်ပါတယ်။ Crew Dragon ဟာ လာမယ့်နှစ်ဆန်းပိုင်းကစပြီး အာကာသခရီးသွားလုပ်ငန်းများကိုလည်း စတင်သွားဖို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က