မိုးတွင်းမှာ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

မိုးရာသီရောက်ပြီဆိုတာနဲ့ ဖက်ရှင်ချစ်တဲ့ မဒီတွေရော၊ ဖက်ရှင်ကို သိပ်စိတ်မဝင်စားပါဘူးဆိုတဲ့ မဒီတွေပါ ကိုယ်ဝတ်မယ့် အဝတ်အစား ဘယ်လိုရွေးချယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေတော့ ရှိလာပါပြီ။

 ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူအနေနဲ့ကတော့ ဒီနှစ်မိုးတွင်းမှာ ဘယ်လိုမိုးတွင်းစီး ဖိနပ်ဒီဇိုင်းလေးတွေ အသစ်ထွက်လာတယ်၊ ဘယ်လိုမိုးကာသား ဂျက်ကတ်လေးတွေနဲ့ အထာကျအောင် ဝတ်လို့ရတယ်ဆိုပြီး ကြိုတင်ပြင်ဆင်တတ်ကြမှာ ဖြစ်ပေမယ့် ဖက်ရှင်ကို သိပ်စိတ်မဝင်စားဘူးဆိုတဲ့ မဒီတွေအနေနဲ့ကျတော့လည်း ဒီရာသီနဲ့အဆင်ပြေ၊ လိုက်ဖက်တဲ့ အဝတ်အစား၊ အဆင်တန်ဆာ စတာတွေကို အနည်းဆုံးရွေးချယ်တတ်ဖို့ လိုနေပြန်ရော။ ဒါ့ကြောင့် မိုးရာသီဖက်ရှင်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်ကလေးတွေနဲ့ ဒီနှစ်မိုးရာသီမှာ ခေတ်စားမယ့် ဒီဇိုင်းလေးတွေ ပြောပြပေးချင်ပါတယ်။



အရင်ဆုံး မိုးတွင်းမှာ ရှောင်ရမယ့်၊ သတိပြုရမယ် အချက်လေးတွေကို အရင်ပြောပါရစေ။

မိုးရာသီမှာ အရောင်တွေအနေနဲ့ အဖြူရောင်ကို ရှောင်ဝတ်တာ အကောင်းဆုံးလို့ အားလုံးက သတ်မှတ်ကြပါတယ်။ အဖြူရောင် dress၊ ဘောင်းဘီ စတာတွေကို မိုးတွင်းဝတ်မယ်ဆိုရင် ဖားဥစွဲတာ ဘာညာဖြစ်တတ်တယ် ဆိုပြီး ပြောတာလည်းကြားဖူးမှာပါ။ တကယ်တော့ မိုးရာသီမှာ အဖြူရောင်မှ မဟုတ်ပါဘူး၊ ဗြောင်အရောင်နုလေးတွေ အားလုံးက မိုးစိုတာနဲ့ သိသာမှာဖြစ်ပြီး ရွှံ့စင်တာ ဘာညာဆိုရင်လည်း ထင်းပြီးပေါ်လွင်နေစေတာမို့ တတ်နိုင်သလောက် ဗြောင်တွေ ၊ အရောင်နုတွေကို ရှောင်စေ ချင်ပါတယ်။

ဒီတော့ ဗြောင်အကျီ၊ dress၊ စကတ်စတာတွေ ရှောင်ပြီး ပွင့်ရိုက်ဒီဇိုင်းပါတာမျိုးလေးတွေ ပိုရွေးချယ်လိုက်ပါ။ Floral ပန်းပွင့်ပန်းခက်များတဲ့ ဒီဇိုင်းလေးတွေ၊ နောက် pattern ဆန်းဆန်း ပါတာမျိုးလေးတွေဆိုလည်း ရာသီနဲ့လည်း လိုက်ဖက်သလို အမြင်လည်းဆန်းစေတာပဲလေ။

ဒါ့အပြင် နောက်ထပ်မိုးတွင်းကာလမှာ ဝတ်ဆင်ဖို့မသင့်တော်တဲ့အရာက စကတ်အတိုအကား လေးတွေပါ။ အောက်မှာ ဘောင်းဘီတစ်ထပ်ခံထားတဲ့ စကတ်ပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း၊ လေကြမ်းကြမ်းတိုက်တဲ့အခါ စကတ်ကလန်သွားရင် သွားရလာရတာ စိတ်ကသိကအောက်တော့ ဖြစ်ရတာပါပဲ။ ဖြစ်နိုင်ရင် သိပ်တိုတဲ့စကတ်အကားမျိုးတွေထက် tight စကတ်လို၊ A-line စကတ်လို စကတ်မျိုးလေးတွေ ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ စကတ်ထဲမှာမှ ကိုယ်က ပွဲတစ်ခုခုတက်ရမှာ မဟုတ်ဘူးဆိုရင် တအားရှည်တဲ့ Maxi စကတ်တွေ၊ Dress စတာတွေကိုလည်း မိုးတွင်းမှာ သိမ်းထားလိုက်ပါဦး။

နောက်ထပ်မိုးတွင်းမှာ သတိထားရမယ့်အချက်က မထင်မှတ်ဘဲ မိုးမိတာမျိုး၊ မိုးနည်းနည်း စိုသွားတာမျိုးလောက်နဲ့ အနံ့ထွက်လာတတ်တဲ့ ကွာလတီသိပ်မကောင်းတဲ့ လည်သာဂျက်ကတ်လို ဟာမျိုးတွေ၊ ဘေးလွယ်အိတ်၊ ကျောပိုးအိတ်တွေ၊ မိုးတွင်းစီးမဟုတ်တဲ့ ရှုးဖိနပ်၊ boot ဖိနပ်တွေကို မရွေးချယ်မိစေဖို့ပါ။


မိုးတွင်းအတွက် ရှောင်ရန်အချက်ကလေးတွေကို ပြောပြီးပြီဆိုတော့ ရွေးချယ်ရမယ့်အရာလေးတွေ ထပ်ပြောပြပေးချင်ပါတယ်။

အနွေးထည်များ

ပေါ့ပေါ့ပါးပါး ကောက်စွပ်လို့ရမယ့် Pullover၊ Hoodie လေးတွေ၊ bomber jacket၊ jean jacket လေးတွေကတော့ မိုးရာသီမှာ တစ်ထည်လောက်တော့ ရှိထားသင့်တယ်လေ။ ဒါ့အပြင် ကိုယ်က ဆွယ်တာကြိုက်တယ်ဆိုလည်း ဆွယ်တာမထူမပါးလေးတွေ ဝတ်နိုင်ပါတယ်။ Cardigan လို အပေါ်ထပ် ခါးရှည်မျိုးတွေ ဝတ်ရတာ နှစ်သက်ရင်လည်း ဒါလေးတွေနဲ့ မိုးတွင်းဖက်ရှင်စတိုင်လ် ထုတ်နိုင်တယ်နော်။ အနွေးထည်လို့ စုပြီးပြောရတာဖြစ်ပေမယ့် ဖလန်နယ် ရှပ်အကျီလေးတွေ ကျတော့လည်း တစ်ထပ်တည်းဝတ်လည်း အဆင်ပြေသလို အနွေးထည်သဘောမျိုး ထပ်ဝတ်ရင်လည်း အိုခေတာမို့ ဒါလေးလည်း ရှိထားသင့်ပါတယ်။

Body Fit လက်ရှည်အင်္ကျီများ

ကိုယ့်ဘော်ဒီနဲ့ကွက်တိ fit size အကျီလက်ရှည်အကျပ်လေးတွေ ကလည်း ချစ်စရာကောင်းပြီး မိုးတွင်းနဲ့ သင့်တော်ပါတယ်။ သူ့ကိုဆို အပေါ်က အနွေးထည်ထပ်ဝတ်ရင်လည်း ရသလို၊ slip dress လို ကြိုးတစ်ချောင်း dress မျိုးနဲ့လည်း တွဲဝတ်နိုင်တယ်လေ။ ကိုယ်ကချမ်းတတ်တဲ့သူဆို လည်ပင်းကို အပိတ်အရှည် turtle neck လေးတွေရွေးလိုက်ပါ။

မိုးကာအကျီ

မဒီတွေအနေနဲ့ မိုးကာအကျီလေးတွေ ဝတ်ရတာ သဘောကျတယ်ဆိုရင်တော့ ခုနောက်ပိုင်း ဒီဇိုင်းသစ်ထွက်လာတဲ့ အရောင်သုံးလေးမျိုး စပ်ထားတဲ့ မိုးကာသား jacket လေးတွေ ရွေးစေချင်ပါတယ်။ နောက် မိုးကာသားကိုမှ အကြည်သားနဲ့ ချုပ်ထားတဲ့ ရောင်ပြေးမိုးကာလေးတွေ လည်း ဆင်မြန်းနိုင်တာပဲနော်။


ဘောင်းဘီ

ဘောင်းဘီတွေထဲမှာဆိုရင်တော့ မိုးရာသီမှာ Crop လုပ်ထားတဲ့ ခြေမျက်စိအပေါ်နားလောက်သာသာ ဘောင်းဘီမျိုးလေးတွေနဲ့ wide pant အကားလေးတွေ ရွေးချယ်နိုင်ပါတယ်။ တစ်ခုရှိတာက Crop လုပ်ထားတဲ့ ဘောင်းဘီမျိုးဆို အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေနိုင်တာမို့ အရှည်ကိုပဲ အောက်နားပြန်ခေါက် ဝတ်မယ်ဆိုရင်လည်း အထာကျပါတယ်။ ဘောင်းဘီသားကိုတော့ ဂျင်းဆိုလည်း သိပ်ထူတာမျိုး မရွေးဘဲ မထူမပါးမျိုးသာ ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။ မိုးရာသီမို့ လမ်းလျှောက်တဲ့အခါ အောက်နားတွေစိုသွားရင် အခြောက်မြန်တဲ့ ဘောင်းဘီသားမျိုး ဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

မိုးတွင်းစီးဖိနပ်များ

အခုနောက်ပိုင်း မိုးတွင်းရောက်တော့မယ်ဆိုတာနဲ့ အွန်လိုင်းရှော့တွေမှာ မိုးတွင်းစီးလေးတွေ အပြိုင်အဆိုင် ရောင်းလာကြတာ သတိပြုမိပါတယ်။ ဒီဇိုင်းတွေကလည်း အမျိုးမျိုးမို့ ကိုယ်က Boot ပုံစံ ဝတ်ရတာကြိုက်တယ်၊ ရှူးလေးတွေ စီးရတာသဘောကျတယ်ဆိုရင်တောင် မိုးတွင်းမှာစီးဖို့ ထုတ်ထားတဲ့ boot တွေ၊ ရှူးတွေ ရှိနေပါပြီ။ ဒါမှမဟုတ် Flat လို တပြေးညီ ပေါ့ပေါ့ပါးပါးဟာလေးတွေ ရွေးမလား၊ မိုးတွင်းစီး ကော်ကြည်အသားမျိုးနဲ့ ထုတ်ထားတဲ့ ညှပ်ဖိနပ်လေးတွေ ရွေးမလား၊ ကွင်းထိုး Slide လေးတွေပဲ စီးဦးမလား၊ Sandal လေးတွေဆိုလည်း မိုးတွင်းစီးလေးတွေ လှမှလှပဲမို့ ဖိနပ်နဲ့ ပတ်သက်ရင်တော့ မိုးရာသီအတွက် ရွေးချယ်စရာများလွန်းလှပါတယ်။

ဒီလောက်ဆိုရင်တော့ မဒီတွေလည်း မိုးရာသီမှာ ဘယ်လိုအရာတွေကို ရှောင်ပြီး၊ ဘယ်လိုရွေးချယ်တွဲစပ်ရမယ်ဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ သေချာတာကတော့ ပူလွန်းလို့ လှည့်မကြည့်ချင်လောက်အောင် ဖြစ်နေတဲ့ jacket တွေ၊ hoodie တွေကို အလှည့်ပြန်ပေးဖို့ အချိန်ရောက်လာပြီဆိုတာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က