ခေါင်းအစ ခြေအဆုံး ဘယ်လိုဆင်ရမလဲဆိုတာကို အကြံပြုလိုက်ပါတယ်နော်။

မကြာခင်မှာ ကျရောက်တော့မယ့် အတာသင်္ကြန်ပွဲတော်အတွက် ကားနဲ့လည်မယ့် မဒီတွေ ဒါမှမဟုတ် မဏ္ဍပ်ထိုင်မယ့် မဒီလေးတွေ ဘယ်လိုဖက်ရှင်အတွဲအစပ်တွေ ဝတ်ဆင်ရမယ်ဆိုတာ ခုလောက်ဆို စပြင်ဆင်နေကြရပါပြီ။ မဏ္ဍပ်ထိုင်မယ်ဆိုရင်လည်း ဒီလေးရက်စလုံးမှာ သူများတွေနဲ့မတူ တမူထူးခြားနေအောင် ၊ ကားနဲ့လည်မယ့် မဒီတွေဆိုရင်လည်း နေပူဒဏ်ခံနိုင်ပြီး အမိုက်စားဖြစ်နေအောင် သင်္ကြန်ဖက်ရှင်အိုင်ဒီယာလေးတွေ ပေးချင်ပါတယ်။



(၁) ဂျင်းဂျက်ကတ်များ

သင်္ကြန်ဆိုတာနဲ့ ကားနဲ့လည်လည်၊ မဏ္ဍပ်ထိုင်ထိုင် အသားမမဲအောင်၊ နေလောင်ဒဏ်မခံရအောင် လက်ရှည်အကျီလေးတွေတော့ ဝတ်တတ်ကြပါတယ်။ အဲ့ဒီအထဲကမှ သင်္ကြန်နဲ့ လိုက်ဖက်တာ ဂျင်းဂျက်ကတ် တွေပေါ့။ သူ့ကိုမှ နောက်ကျောအလှဒီဇိုင်းလုပ်ထားတဲ့ ဂျင်းဂျက်ကတ်မျိုးတွေ၊ ခါးတိုဂျင်းဂျက်ကတ်လေးတွေ စသဖြင့် ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး စွပ်ကျယ်အကျီ၊ tee လေးတွေပေါ်က ဝတ်လို့ရပါတယ်။ ရင်ဘတ်ဒီဇိုင်း အမိုက်စား တီရှပ်တွေပေါ်ကဆိုရင်လည်း ထူးခြားနေမှာပါပဲ၊။ အောက်ကတော့ ဘောင်းဘီတို၊ အရှည်၊ ဒါမှမဟုတ် ဂျင်းစကတ်၊ လည်သာစကတ်စတာတွေနဲ့တွဲဝတ်ပါ။ ဖိနပ်ကိုတော့ sneaker၊ ရှုးဖိနပ်၊ ဒါမှမဟုတ် flat အပါးလေးတွေ၊ boot ဖိနပ်လေးတွေ ရွေးချယ်ဆင်မြန်းနိုင်ပါတယ်။

(၂) hoodie အနွေးထည်နဲ့ bomber ဂျက်ကတ်များ

ကိုယ်က အနွေးထည်ထူထူပွပွကြီးတွေ ဝတ်ရတာသဘောကျရင် Hoodie ဆိုက်ကြီးတွေ ဒါမှမဟုတ် Pullover size ကြီးတွေ ရွေးချယ်လိုက်ပါ။ အောက်ကဘောင်းဘီတိုကို ဖုံးနိုင်တဲ့အထိ Oversize ဆိုရင်လည်း ရိုးရိုးလေးနဲ့ ဆန်းနေတာပါပဲ။ Bomber ဂျက်ကတ်တွေကလည်း ခုထိခေတ်စားနေတုန်းပဲနော်။ သူတို့ကို ဝတ်မယ်ဆိုရင်တော့ အောက် sneaker စီးပါ။ ခြေစွပ်အလှလေးပေါ်အောင် ထုတ်စီးတာကလည်း ကိုယ့်ဖက်ရှင်ကို ပိုဆန်းသစ်သွားစေပါတယ်။

(၃) လည်သာအဝတ်အစားတွေ

လည်သာဂျက်ကတ်တွေ၊ စကတ်၊ ဘောင်းဘီတွေကလည်း သင်္ကြန်မှာ သူများနဲ့မတူ တမူကွဲပြားနေစေမယ့် ရွေချယ်မှုဆိုတာ မမေ့ပါနဲ့။ သူ့ကိုဆို ဘာနဲ့တွဲတွဲ အများကြား ထင်းနေစေပါလိမ့်မယ်။

(၄) ခါးအလွတ်အကျီလေးတွေ ၊ ပခုံးအကျအကျီလေးတွေ

ကိုယ်က ချစ်စရာကောင်းပြီး မိန်းကလေးဆန်တဲ့အသွင်ရဖို့ဆိုရင်တော့ Crop Top ခါးအတိုအကျီလေးတွေ၊ ဒါမှမဟုတ် Off Shoulder ပခုံးအကျအလျှောအကျီလေးတွေ ဝတ်ပါ။ ခါးလွတ်ကို တအားကြီး ဖော်မဝတ်ချင်ရင် ဘောင်းဘီကို High Rise ဂျင်းလို ခါးအမြင့်ဂျင်းနဲ့ တွဲဝတ်လိုက်ပါ။ သူက အတိုရော၊ အရှည်ရော လာပါတယ်။ ပခုံးအကျလေးကိုမှ ဆန်းချင်တယ်ဆိုရင်တော့ scarf လေးတစ်ခုခုကို လည်ပင်းပတ်တာ၊ ခေါင်းစည်းတာ စသဖြင့် ဆင်မြန်းလိုက်ပါ။ Off Shoulder အကျီပေါ် Overall ဂျင်းတွေ ထပ်ဝတ်တာကလည်း ထူးခြားတာပါပဲ။

(၅) Bodysuit

၂၀၁၈ခုနှစ်ကတည်းက ဆက်တိုက်ခေတ်စားလာခဲ့တဲ့ Bodysuit တွေက သင်္ကြန်နဲ့အဆင်ပြေပါတယ်။ သူ့အပေါ်က စကတ်ဖြစ်ဖြစ် ဘောင်းဘီဖြစ်ဖြစ် ထပ်ဝတ်ပြီး ရှိုးထုတ်လိုက်ပါ။

(၆) ဖလန်နယ်နဲ့ ရှပ်အစင်းတွေ

ဖလန်နယ်အကွက်တွေကလည်း ဝတ်တတ်ရင် ဝတ်တတ်သလို ဆွဲဆောင်မှုရှိတဲ့အသွင်ကို ရစေပါတယ်။ နောက်ရှပ်အစင်းတွေရောပေ့ါ။ သူတို့ကို တီရှပ်အပွပေါ်က ထပ်ဝတ်ပြီး အောက်ကဘောင်းဘီတိုကို ဖုံးပြီး ဝတ်ပါ။ ဖိနပ်ကို Vans ဒါမှမဟုတ် All Star စတဲ့ sneaker နဲ့ဆို ရိုးရိုးလေးနဲ့ကို ဆန်းနေပါပြီ။ ဘောင်းဘီအတိုကို ပိုဆွဲဆောင်မှုရှိအောင် အောက်က အသားကပ်ဘောင်းဘီအပါး ခံဝတ်နိုင်တယ်နော်။

(၇) နီယွန်ကာလာအကျီအဝတ်အစားတွေ

ကာလာအတောက်ကြီးတွေ ဝတ်ရဲရင်တော့ သင်္ကြန်နဲ့အထူးလိုက်ဖက်လွန်းတာဖို့ ဝတ်ဖို့အကြံပေးချင်ပါတယ်။ နီယွန်ကာလာ အစိမ်းနုတောက်တောက်ကြီးတွေ၊ လိမ္မော်နုတောက်တောက်ကြီးတွေက သင်္ကြန်မှာ ကိုယ့်ကိုထင်းပြီး ထူးခြားနေစေမှာပါ။ ဒီလို ဒီဇိုင်းတွေကိုမှ အကျီ၊ စကတ်၊ oversize ဇကာပေါက် တီရှပ် စသဖြင့် ဈေးကွက်ထဲ အမျိုးမျိုးကို ရွေးချယ်နိုင်တာမို့ ကိုယ့်စိတ်တိုင်းကျဝတ်ဆင်လိုက်ပါ။

(၈) ဘောင်းဘီအပွကြီးတွေ၊ ဘေးစင်းဘောင်းဘီတွေ၊ အကွက်တွေ

ဘက်ဂီဘောင်းဘီလို့ခေါ်တဲ့ ဘောင်းဘီအပွကြီးတွေကို အပေါ်ကနေ ကိုယ်ကျပ်အကျီလေးတွေ၊ ခါးလွတ် crop top လေးတွေနဲ့ တွဲဝတ်ပြီး သူများနဲ့မတူတဲ့ ဖက်ရှင်မျိုးရွေးချယ်လိုက်ပါ။ နောက်ဘေးဘက်အစင်းပါတဲ့ ဘောင်းဘီတွေ၊ အနီကွက်၊ အစီးကွက်၊ အပြာကွက် စတဲ့ဘောင်းဘီဒီဇိုင်းတွေကလည်း ၂၀၁၈ကတည်းက ခုထိ ခေတ်စားနေတဲ့ဒီဇိုင်းတွေဆိုတာ မမေ့ပါနဲ့။

(၉) ကျားသစ်ဆင်၊ ကျားကွက်ဆင်တွေ

ဒီနှစ်အတွင်း Animal Print တွေ ပြန်ခေတ်စားလာတာအားလုံးအသိပါ။ အဲ့ထဲကမှ ကျားသစ်ဆင်အကျီ၊ ဘောင်းဘီ၊ စကတ်စတာတွေကလည်း တော်တော်လေး ဟော့ဖြစ်နေတာမို့ သူ့ကိုလည်း အမိုက်စားဆင်မြန်းနိုင်ပါတယ်။ နောက် ကျားကွက်ဒီဇိုင်းတွေကိုလည်း ဘောင်းဘီ၊ အကျီ၊ bodysuit စသဖြင့် ပြန်ဆင်မြန်းလာကြတာမို့ လေးရက်ထဲ တစ်ရက်တော့ ဒါလေးတွေ ပါအောင်ဝတ်ပါ။

(၁၀) အဆင်တန်ဆာများ

သင်္ကြန်ဆိုမှတော့ ကိုယ့်ဖက်ရှင်ပိုလန်းနေအောင် အဆင်တန်ဆာလေးတွေနဲ့ ပိုဖြည့်တင်းရတော့မှာပေါ့။ ဒီတော့ မျက်မှန်၊ ဦးထုပ်၊ ခေါင်းစည်း၊ bandana scarf စတာလေးတွေတော့ မပါမဖြစ် ပါရမှာပေါ့။ နောက် ပိုက်ဆံအိတ်ကို ရင်ဘတ်ရှေ့ချလွယ်လွယ်၊ ခါးမှာပတ်ပတ်အသုံးဝင်တဲ့ fanny pack၊ belt bag လေးတွေ ဆင်မြန်းနိုင်ပါတယ်။ ခု ရေစိုခံ belt bag လေးတွေလည်း ဈေးကွက်ထဲ တော်တော်လေး တွေ့နေရပြီလေ။ မျက်မှန်ဆိုရင်လည်း ကာလာဆန်းလေးတွေကိုမှ အဝိုင်းလေးတွေ၊ heart shade လေးတွေ၊ လေးထောင့်လေးတွေ၊ vintage မျက်မှန်ဒီဇိုင်းလေးတွေ ပြန်ရွေးတပ်ပါ။

ဒီအချက် (၁၀)ချက်ကို သိထားရင်တော့ သင်္ကြန်အတွက် ဘယ်လိုတွဲစပ်ရမယ်ဆိုတာ အိုင်ဒီယာလေးတွေ ရသွားလောက်ပါပြီ၊ ဒီအထဲကမှ ကိုယ့်စိတ်ကြိုက်ဖြစ်ပြီး ကိုယ်နဲ့လိုက်ဖက်မှုရှိမယ့် ဒီဇိုင်းလေးတွေ ရွေးချယ်ရင်း ဆင်မြန်းလိုက်ပါ။ ကိုယ်က အပြတ်ကဲမယ်ဆိုရင်တော့ အဝတ်အစားကို လုံခြုံပြီး သွားရလာရ အဆင်ပြေတာမျိုးသာ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

မေသော်

(I am Fashion)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က