အမျိုးသမီးတွေအတွက် ဖက်ရှင်ဆိုတာ ဘယ်အရွယ်ဖြစ်ဖြစ် အရေးပါတဲ့အရာတစ်ခုဖြစ်သလို ကိုယ့်ရင်သွေးလေးကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်ဘဝမှတောင်မှ ဖက်ရှင်ကျကျလေးနေမယ်ဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတစ်ခု တိုးစေသလို စိတ်လည်းပျော်ရွှင်စေမှာပါ။
May Thaw

အမျိုးသမီးတွေအတွက် ဖက်ရှင်ဆိုတာ ဘယ်အရွယ်ဖြစ်ဖြစ် အရေးပါတဲ့အရာတစ်ခုဖြစ်သလို ကိုယ့်ရင်သွေးလေးကို လွယ်ထားရတဲ့ ကိုယ်ဝန်ဆောင်ဘဝမှတောင်မှ ဖက်ရှင်ကျကျလေးနေမယ်ဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတစ်ခု တိုးစေသလို စိတ်လည်းပျော်ရွှင်စေမှာပါ။ တချို့ကိုယ်ဝန်ဆောင်မိခင်တွေဆို အရင်က ဖက်ရှင်ကို စိတ်မဝင်စားရင်တောင်မှ ကိုယ်ဝန်နဲ့မှ အလှတွေပြင်၊ ဖက်ရှင်ကျကျ ဝတ်ချင်လာတာမျိုး ရှိပါတယ်။ အများကတော့ ဒါကို ဗိုက်ထဲက ကလေးနဲ့ဆိုင်တယ်လို့ ဆိုကြပေမယ့် ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ ဒီလို ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ပြင်ပြင်ဆင်ဆင်လေး နေတတ်တာဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ် ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

ဟိုးအရင်ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ရွေးချယ်စရာ အဝတ်အစား၊ ကိုယ်ဝန်ဆောင် အကျီ စတာမျိုးတွေ သိပ်မရှိတာကြောင့် တစ်ဆက်တည်းဂါဝန်ရှည်၊ ဒါမှမဟုတ် ဗိုက်ဖုံး အကျီခပ်ပွပွနဲ့ ထမီတွေ ကိုသာ တွဲဝတ်ခဲ့ကြရတာပါ။ ခုချိန်မှာတော့ အရင်နဲ့မတူတော့ဘဲ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ထသွားထလာကနေ ပွဲအခမ်းအနားတွေတက်ဖို့အထိ ရွေးချယ်ဝယ်ယူနိုင်တဲ့ အဝတ်အစားဒီဇိုင်းမျိုးစုံ ဈေးကွက်ထဲမှာ ရှိလာပါပြီ။

ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက အမျိုးသမီးတွေအနေနဲ့ စသတိထားရမှာက ဘောင်းဘီဆို ခါးနေရာ ဗိုက်နေရာက သိပ်ကျပ်တာတွေ ရှောင်ဖို့ပါ။ ဗိုက်မထွက်မချင်း ဝတ်လို့ရတယ်ဆိုပေမယ့် လနုကတည်းက ဂရုစိုက်တာ ကောင်းပါတယ်။ ခါးက သားရေရှုံ့ကြိုးမျိုးနဲ့ ဝတ်ရတာ အဆင်ပြေတယ်။ ကိုယ်ချွတ်လိုက်တဲ့အခါ ဗိုက်ကအရာကြီး ကျန်ခဲ့တာ မရှိဘူးဆိုရင်တော့ အဲဒီလိုဘောင်းဘီမျိုး ဝတ်နိုင်ပါတယ်။ ကိုယ်က ဂျင်းဘောင်းဘီပဲ ဝတ်လေ့ဝတ်ထရှိတာမို့ ဂျင်းပဲဝတ်ချင်ရင်တော့ ကိုယ်ဝန်ဆောင်ဝတ်ဂျင်းတွေလည်း ထွက်ပါတယ်။ သိပ်ကျပ်တဲ့ dress ဘောင်းဘီရှည် အဝတ်အစားမျိုးတွေကိုတော့ တတ်နိုင်သလောက် ဘယ်လောက် လှလှရှောင်ပါ။ ကိုယ်နဲ့ သက်သောင့်သက်သာဖြစ်တဲ့ dress ပဲရွေးပါ။ အသားဆိုရင်လည်း ဆွဲသားပါတာမျိုးပေါ့။ နောက်တစ်ချက်ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်လာရင် ကိုယ်ဝန်ဆောင်တွေ အတွက် အထူးထုတ်ထားတဲ့ ဂါဝန်တွေ၊ dress တွေ၊ နို့တိုက်အပေါက်ပါတဲ့ အကျီအဝတ်အစားတွေကိုမှ ရွေးချယ်နိုင်တာမဟုတ်ဘဲ ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ ဘယ်အဝတ်အစားမဆို ဝတ်ဆင်လို့ရပါတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ပြီး ဗိုက်ကလေးစထွက်လာတာနဲ့ ငါတော့ဝတ်စရာမရှိတော့ဘူးဆိုပြီး စိတ်ပျက်မနေဘဲ အခုပြောပြပေးတဲ့ ဒီဇိုင်းလေးတွေကို တစ်ချက်စဉ်းစားပြီး တွဲစပ်ကြည့်လိုက်ပါ။

၁။ အပွကြီးတွေအစား ခန္ဓာကိုယ်အတွက် သိပ်မပွတဲ့ ဒီဇိုင်းမျိုးရွေးပါ။

ကိုယ်ဝန်က ခြောက်လ၊ ခုနှစ်လရောက်လာပြီ ဆိုရင် ဝမ်းဗိုက်နေရာလေးက လုံးဝန်းပြီးထွက်နေပြီပေါ့။ ကိုယ်ဝန်ဆောင်မိခင် တော်တော်များများကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်ပိုကြီးပြီး ကြည့်ရဆိုးနေမှာ စိတ်ပူကြပါတယ်။ ဒါပေမယ့် အဲဒါက ဝမ်းဗိုက်နေရာပဲဆိုတာ မမေ့ပါနဲ့။ ဒီ့အတွက် ချစ်စရာလည်းကောင်းသလို ခုခေတ်ဖက်ရှင်ရေစီးကြောင်းကလည်း မသွေဖယ်ဘဲ အလွယ်တကူရှာနိုင်တဲ့ ခန္ဓာကိုယ်အတွက် သိပ်မပွတဲ့ တစ်ဆက်တည်း dress တွေရွေးနိုင်ပါတယ်။ အတိအကျပြောပါဆိုရင်တော့ Slip Dress တွေဝတ်ရတာ အဆင်ပြေပါလိမ့်မယ်။ သူ့ကို အောက်ခံ dress လိုဝတ်နိုင်တဲ့အပြင် အပေါ်က တစ်ခုခု jacket/ bomber jacket ထပ်ဝတ်ပြီးတော့လည်း စတိုင်ထုတ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဗိုက်နေရာက ပူပူကို အကျီပွပွတွေနဲ့ ဖုံးမနေတော့ဘဲ ဆက်စီကျကျလေး ဝတ်ဆင်လာတဲ့ မိခင်တွေ အများကြီး ဖြစ်လာပြီမို့ အဲ့လိုလေး ဝတ်ကြည့်လိုက်ပါ။

Dress တွေထဲမှာ ဗိုက်စည်းထားတဲ့ ဒီဇိုင်းမဟုတ်ဘဲ ရင်သားနေရာက အရှုံ့ပါတာမျိုး စည်းတာမျိုးလောက်ဆို လည်း ဝတ်လို့လှပါတယ်။ စည်းတဲ့နေရာလည်း ပြီးရော ဗိုက်ကလေးက အောက်မှာလုံးထွက်နေတာမျိုးပေါ့။ တစ်ချို့ ခါးစည်း dress အရှည်ဆိုလည်း ခါးနေရာကို ရင်သားအောက် တွန်းပို့ဝတ်နိုင်တယ်နော်။

၂။ Dress တွေထဲမှာက Shirt Dress လေးတွေလည်း ခေတ်နဲ့အညီ ရွေးချယ်စရာတစ်ခုပါ။

Shirt Dress ပွပွလေးတွေကလည်း ကိုယ်ဝန်ဆောင်တွေ ရွေးချယ်ဝတ်ဆင်နိုင်တဲ့ အဝတ်အစားပါပဲ။ တစ်ခုသတိထားရမှာက Shirt Dress ဝတ်မယ်ဆို အရင်ကထက် ပိုကြီးပိုပွတာကို ရွေးရမှာပါ။ ကြယ်သီးတပ်လိုက်တဲ့အခါ ဗိုက်ကျပ်နေမှာ စိုးလို့ပါ။ ပွတာရွေးထားမိလို့ ကလေးမွေးပြီး ပြန်ဝတ်ချင်ရင် ခါးမှာ ခါးပတ်ကောက်ပတ်လိုက်ရုံပါပဲနော်။

၃။ Overall jean လေးတွေနဲ့ အများငေးယူရအောင် ဆင်မြန်းလိုက်ပါဦး။


ကိုယ်ဝန်နဲ့ဆိုပေမယ့် လူငယ်ဆန်ဆန် အထာကျကျလေးဝတ်ချင်သူတွေအတွက်တော့ Overall Jean တွေက မရှိမဖြစ်ရွေးချယ်စရာပေါ့။ သူ့ကိုကျ ကိုယ်ဝန်လေးလလောက်ကတည်းက တော်တော်လေးပွတာကိုပဲ ရွေးရတော့မှာပါ။ Jean အတို ဒါမှမဟုတ် စကတ်ကတော့ ပိုအဆင်ပြေပါတယ်။ jumpsuitလည်း ဒီအတိုင်းပါပဲ။ အရှည်တွေက ကိုယ်တိုင်ဝတ်ကြည့်ဝယ်တာ ပိုကောင်းပါတယ်။ online shop ကဆို ကိုယ့်ဘော်ဒီနဲ့ အဆင်မပြေတာတွေ ဖြစ်တတ်တာမို့ပါ။

၄။ အလျော့အတင်းရှိတဲ့ ဘယ်လိုဘောင်းဘီမျိုးမဆို ဝတ်နိုင်ပါတယ်။

ကိုယ်က စကတ်တွေ၊ dress တွေ ဘယ်တော့မှ ဝတ်လေ့မရှိခဲ့ဘဲ ကိုယ်ဝန်ဆောင်တော့မှ ဒါမျိုးတွေ ဝတ်ရတော့မှာလားဆိုပြီး စိတ်ညစ်မနေပါနဲ့။ ခါးနေရာ အလျော့အတင်းပါတဲ့ ဘယ်ဘောင်းဘီမျိုးမဆို ဝတ်နိုင်ပါတယ်။ ခုဆိုရင် ကိုယ်ဝန်ဆောင်တွေအတွက် ခါးနေရာအလျော့အတင်းပါတဲ့ ဂျင်းဘောင်းဘီ ဒီဇိုင်းမျိုးတွေတောင် ဈေးကွက်ထဲရနေပြီလေ။ မဟုတ်လည်း အားကစားလုပ်တဲ့အခါ ဝတ်နေကျ လျှော့ကြိုးနဲ့ ဘေးစင်းဘောင်းဘီအပွအရှည်မျိုးတွေလည်း ရတယ်နော်။

၅။ ကိုယ်ဝတ်ချင်တဲ့ အရောင်နဲ့ပွင့်ရိုက် စိတ်တိုင်းကျ ဆင်မြန်းပါ။

ဘယ်သူကတော့ ဘာဝတ်သင့်တယ်၊ ဘာအရောင်လေး ရွေးသင့်တယ်ဆိုတာမျိုးတွေ ကိုယ့်ကိုလာအကြံပေး နေပေမယ့် ကိုယ်ဝတ်ချင်တာက သူတို့ပြောတာမျိုးတွေ မဟုတ်ဘူးဆိုရင် ကိုယ်ဝတ်ချင်တဲ့ အရောင်၊ ပွင့်ရိုက်ဒီဇိုင်းစတာတွေကို စိတ်ထဲရှိသလို ဆင်မြန်းပါ။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သူတို့စိတ်ထဲရှိရာကို ဆင်မြန်းရရင် ထူးခြားတဲ့စိတ်ပျော်ရွှင်မှုကို ခံစားကြရပါတယ်။ ကိုယ်တိုင်က ဒီဇိုင်းသိပ်ဆန်းတာတွေ မကြိုက်ဘူးလား၊ ဟိုးအရင်ကလို ခပ်ပွပွဒီဇိုင်းမျိုးပဲ သွားချင်တယ်ဆိုလည်း အဆင်ပြေပါတယ်။ ဘေးပတ်ဝန်းကျင်က ကိုယ့်ကို အရောင်လွင်လေးတွေ၊ အနုလေးတွေ ဝတ်သင့်တယ်လို့ အကြံပေးပေမယ့် ကိုယ်က ကာလာအရင့်တွေပဲ သဘောကျတယ်ဆိုရင်လည်း ကိုယ့်စိတ်ထဲက ကာလာအတိုင်းဆင်မြန်းပါ။

၆။ ကမ်းခြေဖက်ရှင်ဒီဇိုင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် ကွက်တိဖြစ်ပါတယ်။

ကမ်းခြေသွားတဲ့အခါ ရွေးချယ်လေ့ရှိကြတဲ့ Maxi Dress အကားအရှည်ကြီးတွေ၊ boho ဖက်ရှင်ဒီဇိုင်းတွေ၊ ပေါင်တစ်ဝက်လောက်သာရှည်တဲ့ ခပ်ပွပွ ခပ်ကားကား အလွင့်ဒီဇိုင်းမျိုးတွေ ရှိပြီးသားဆိုရင်လည်း အဲဒါလေးတွေ ဆင်မြန်းနိုင်ပါတယ်။ အဲ့ဒီမျိုးလေးတွေ မရှိဘူးဆိုရင်လည်း ကိုယ်သာအခု ကမ်းခြေသွားမယ်ဆိုရင် ဘယ်လိုဒီဇိုင်းမျိုးတွေ ဝတ်ချင်လဲဆိုတာ စဉ်းစားပြီး ကိုယ်ဝန်နဲ့လိုက်ဖက်တဲ့ဒီဇိုင်းကို ရွေးချယ်နိုင်ပါတယ်။

၇။ အလျားလိုက်အစင်းတွေလည်း ဝတ်ဆင်နိုင်ပါတယ်။

အရင်က ကိုယ့်ကိုကြည့်လိုက်ရင် ဝသယောင်ယောင် ထင်မှတ်မှားစေတဲ့ အလျားလိုက်အစင်းတွေကို အမြဲရှောင်နေမိတယ်ဆိုရင် အခု ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒါတွေ သိပ်စိတ်ပူမနေဘဲ ဝတ်ဆင်နိုင်ပါပြီ။ အဲဒီလိုအစင်းလေးတွေက ကိုယ်ဝန်ဆောင်မိခင်ကို ပိုတောင် ချစ်ဖို့ကောင်းသွားပါသေးတယ်။

၈။ အဆင်တန်ဆာပိုင်းကလည်း သင့်စိတ်ကြိုက်ပါပဲ။

ကိုယ်ဝန်နဲ့မို့လို့ ဒေါက်သိပ်မြင့်တာတွေ ရှောင်ခိုင်းတတ်ကြပါတယ်။ သက်သောင့့်သက်သာရှိတဲ့ ဘယ်ဖိနပ်မျိုးမဆို သင်ရွေးချယ်နိုင်ပါတယ်။ ဖိနပ်အပါး၊ ကွင်းထိုးဖိနပ်တွေ၊ sneaker စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ဖိနပ်မျိုးကို ရွေးချယ်နိုင်တဲ့အပြင် အခြား အဆင်တန်ဆာတွေကိုလည်း ကိုယ်ဝန်နဲ့မို့ မလိုက်မှာ ဘာညာတွေးနေစရာမလိုပဲ ကြိုက်ရာသာ ဆင်မြန်းလိုက်ပါ။

အမှန်တော့ ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ အားလုံးရဲ့အမြင်မှာ သာမာန်အချိန်တွေထက် ပိုုချစ်စရာကောင်းပြီး ဆွဲဆောင်မှုတစ်ခုခု ရှိနေတတ်ကြပါတယ်။ သူတို့ရဲ့ အပြင်ပုံပန်းသဏ္ဍာန်တွေ ၊ ခန္ဓာကိုယ်အချိုးအစားတွေ ပြောင်းလဲသွားပေမယ့် အဲ့ဒီပြောင်းလဲမှုတွေနဲ့အတူ တမူထူးခြားတဲ့လှပကျော့ရှင်းမှုတွေ ပိုင်ဆိုင်ထားတတ်ကြတာပါ။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဖက်ရှင်ရှင်ကျကျလေးဝတ်ပြီး ယုံကြည်မှုရှိရှိလေး နေကြဖို့ တိုက်တွန်းလိုက်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က