ဒီအချက်တွေကို သေချာဂရုစိုက်မယ်ဆိုရင် ရွေးချယ်ရပိုလွယ်ကူပြီး ငွေကုန်လည်း သက်သာလာမှာပါနော်။

အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ ဖက်ရှင်ရေစီးနောက် လိုက်ရင်း အမျိုးသမီးတွေဟာ အဝတ်အစား ဝယ်တဲ့အခါ၊ အပြင်သွားခါနီး အဝတ်အစား ရွေးချယ်တဲ့အခါ ပြီးတော့ ကိုယ့်ဗီရိုထဲ ဘယ် အဝတ်အစား စီရီတဲ့အခါတွေမှာ အမှား(၁၀)မျိုး ပြုလုပ်လေ့ရှိကြပါတယ်။

အဲ့ဒီအမှားတွေကတော့...



(၁) အရေအတွက်ကို အဓိကထားခြင်း

ကျွန်မတို့ မိန်းမသားအများစုက အဝတ်အစားနဲ့ ပတ်သက်ရင် လောဘကြီးတာ သဘာဝပါ။ အထူးသဖြင့် ခုလိုခေတ်ကြီးထဲ ပိုလို့တောင် ဝယ်ခြမ်းဖြစ်လာကြပါသေးတယ်။ ဒီ တော့ ကိုယ့်ဆီမှာ မဖြစ်မနေလိုတာ၊ ဝတ်ဖြစ်တာက အထည် ၂၅ထည်/ အထည် ၃၀ လောက်ဆိုရင်တောင် အထည် ၇၀လောက် ပိုပိုလိုလို ရှိချင်တတ်ကြတာပါ။ အဲ့ဒါတွေ တကယ်ဝတ်ဖြစ်လားဆိုတော့လည်း အဲ့လို မဟုတ်ပြန်ပါဘူး။ ဖြစ်သင့်တာက အရေအတွက်ကို သိပ်အာရုံမထားဘဲ တကယ်လိုအပ်တာကို ရွေးပြီး ဗီရိုထဲထားပါ။

(၂) အခြားတစ်ယောက်ရဲ့အဝတ်အစား ရွေးချယ်မှုအတိုင်း Copy လုပ်ခြင်း

ကိုယ်ဘာတွေဝတ်ဖြစ်တယ်၊ ကိုယ်ဘာကြိုက်တယ်ဆိုတာ ကိုယ်သာအသိဆုံးပါ။ အဲ့ဒါကို ကိုယ်သဘောကျတဲ့ ဆယ်လီတစ်ယောက်ရဲ့ အင်တာဗျူးအဖြေကြောင့် ဖြစ်စေ၊ ဒါမှမဟုတ် အင်တာနက်ကနေ ရှာဖတ်ကြည့်တော့ ဘယ်လောက်တော့ ရှိသင့်တယ် ပြောတာမျိုးတွေကြောင့်ဖြစ်စေ သူတို့ပြောသလို အဝတ်အစားအရေအတွက် ကွက်တိပြင်ဆင်ထည့်ထားတာမျိုး မဖြစ်သင့်ပါဘူး။ fashion blogger တစ်ယောက်က ဘောင်းဘီ ၅ထည်၊ အကျီ ၁၀ထည်၊ dress ကတော့ ၂ထည် အနည်းဆုံးရှိသင့်တယ်ပြောလို့ ကိုယ်က ဘောင်းဘီရှည် ဝတ်လေ့မရှိဘဲ ဘောင်းဘီရှည်တွေ အတင်းဗီရိုထဲထည့်ပြင်ဆင်စရာ မလိုပါဘူး။ ကိုယ်က dress လေးတွေ အဝတ်များရင် dress လေးတွေ များများ ဗီရိုထဲထည့်ထားလိုက်ပါ။

(၃)ကိုယ့်ရဲ့နေ့စဉ်ဘဝကိုမေ့ထားခြင်း

ကိုယ်က ရုံးတက်ရုံးဆင်း ဘတ်စ်ကားစီးသွားရတယ်။ ဒါမှမဟုတ် ရုံးကို သိပ်ဟော့တာ ဝတ်လို့မရဘူး။ စနေ တနင်္ဂနွေဆို တစ်ခါ တစ်လေမှ အပြင်ထွက်ဖြစ်တယ်ဆိုရင် ပါတီ သွားမယ့် အပြောင်အလက်ပါတဲ့ အဝတ်အစား မျိုးလေးတွေက ဘယ်အဆင်ပြေပါ့မလဲ။ crop top ဒါမှမဟုတ် off shoulder လေးတွေလှလို့ အသစ်ထွက်တိုင်း လိုက်ဝယ်နေလို့လည်း မဖြစ်ပြန်ဘူးနော်။ နောက်ဆုံး ချောင်ထိုးထားရတဲ့ အဖြစ်နဲ့ အဆုံးသတ်သွားပါလိမ့်မယ်။

(၄) ဖက်ရှင်စည်းမျဉ်းတွေ အသားကုန် လိုက်နာခြင်း

ဝတဲ့သူက ဘာတွေရှောင်ဝတ်၊ ပုတဲ့သူက ဘာတွေ ဝတ်ရမယ်၊ ပိန်တဲ့သူက ဘယ် အဝတ်အစားနဲ့ အဆင်မပြေဘူး ဆိုတာတွေ သိထားပြီး အဲဒီဖက်ရှင်စည်းမျဉ်းတွေအတိုင်း တသွေမတိမ်း လိုက်နာနေရင် ဝတ်စရာအတွက် တော်တော်ခေါင်းစားသွားရပြီနော်။ ပိုဆိုးတာက နွေမို့ ဒီအဝတ်အစား မဝတ်ဘူး။ မိုးတွင်းမို့လို့ အဖြူရှောင်ဘာညာတွေ ကွက်တိ လိုက်လုပ်စရာမလိုပါဘူး။ တစ်ခါတစ်လေ စိတ်ပါရင် စိတ်ပါသလို ဝတ်လို့ရပါတယ်။

(၅) ကိုယ့်ရဲ့ personal style ကို နားမလည်ခြင်း

ဒါလည်း နံပါတ် ၃မှာ ပြောထားသလိုပါပဲ။ ကိုယ့်စတိုင်နဲ့ကိုယ် အထာကျနေပြီသားကို သူများပုံ အတင်းလိုက်ဝတ်မယ်ဆိုရင် နေရလည်းခက်။ ကိုယ့်အကြိုက်လည်း မဖြစ်တော့ပါဘူး။ ဒီတော့ ကိုယ့်နေ့စဉ်ဘဝ ဘယ်လို ဖြတ်သန်းတယ်ဆိုတာလေးနဲ့ ကိုယ့်အကြိုက် ချင့်ချိန်ပြီး ဝတ်စားပါ။

(၆) ရိုးရှင်းလွန်းအားကြီးပြီး အပြောင်းအလဲ မရှိခြင်း

တစ်ချို့လူတွေရှိတယ်။ အမည်းဆိုအမည်း၊ အဖြူဆိုအဖြူ မချွတ်တမ်း ဝတ်တတ်သလို၊ ဒီပုံစံချည်းပဲ ထပ်တလဲလဲ ဝတ်တတ်တဲ့သူမျိုး တွေပေါ့။ အဲ့ဒီလိုလူမျိုးကျပြန်တော့လည်း အချိန်ကြာလာတဲ့အခါ ကိုယ့်ဖက်ရှင်ကိုတခြားလူတွေအမြင်မှာ မရိုးသေးရင်တောင် ကိုယ့်ဘာသာကိုယ် ပျင်းလာပါလိမ့်မယ်။ အဲ့လိုမဖြစ်စေဖို့ အပြောင်းအလဲ (အလွန်အကျွံ မဟုတ်) တစ်ခုခု လိုအပ်ပါတယ်။ ဥပမာ အရောင်လေးတွေ ပြောင်းဝတ်တာ၊ ရှပ်အကျီချည်းပဲ ဝတ်တတ်သူဆို tee လေးတွေ တီရှပ်လေးတွေ ဝတ်တာ စသဖြင့်ပေါ့လေ။

(၇) ဈေးတအားပေါတာတွေချည်း ရွေးဝယ် ထားခြင်း

ပေါချောင်ကောင်းလေးတွေ ဝယ်တတ်တာ ကောင်းပါတယ်။ ဒါကလည်း ချီးကျူးရမယ့် အရည်အချင်းပါ။ ဒါပေမယ့် ကိုယ့်အဝတ်အစားမှာ အရည်အသွေးကောင်းပြီး ဈေးလည်းနည်းနည်းကြီးတာမျိုး တစ်ခု နှစ်ခု လောက်ရှိသင့်ပါတယ်။ ခဏခဏဝတ်မယ့် အရာမျိုးတွေပေါ့။ ဥပမာ ဘောင်းဘီတို့ ဖိနပ်တို့ စတာတွေကို ကွာလတီကောင်းတာမျိုး ရှာထားသင့်ပါတယ်နော်။

(၈)ဗီရိုထဲ အဝတ်အစားတွေ စီစီရီရီ မထားခြင်း

ကျွန်မတို့တွေဟာ ကိုယ်အဝတ်ဆုံး၊ အကြိုက်ဆုံး အပြင် အဝတ်အစားတွေနဲ့ အိမ်နေရင်း အဝတ်အစား ခွဲထားတတ်ကြပေမယ့် တီရှပ်ဆိုတီရှပ်တွေချည်း၊ ရှပ်ဆို ရှပ်သပ်သပ်၊ မိန်းကလေးဆန်တာလေး သပ်သပ် စတာမျိုးတော့ မခွဲထားတတ်ကြပါဘူး။ ဖြစ်နိုင်ရင် အပေါ် ၂ချက်ထဲက ကိုယ်နဲ့အဆင်ပြေတာကို ရွေးပြီး သေချာ စီရီထားပါ။ အနွေးထည်ဆိုသပ်သပ်၊ cardigan လေးတွေဆိုသပ်သပ်၊ အမျိုးအစားပုံစံတူတာလေးတွေ သပ်သပ် ခွဲထားနိုင်ရင် ပိုတောင်ကောင်းသေး။ မဟုတ်ရင် အပြင်သွားခါနီး အဝတ်အစား ရွေးတဲ့အခါ ခေါင်းခြောက်ရတာနဲ့ အဝတ်အစားတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲပြီး ဝတ်စရာမရှိဘူး ဆိုတဲ့စကားနဲ့ အဆုံးသတ် သွားပါလိမ့်မယ်။

(၉)ခေတ်စားနေတဲ့ အရာတွေနောက် အရမ်း လိုက်ခြင်း

ခုလတ်တလော ဘယ်လိုအကျီတွေ ခေတ်စား နေသလဲ။ bodysuitဆိုလည်း bodysuit၊ jumpsuit ဆိုလည်း jumpsuit စသဖြင့် trend နောက်အတင်းလိုက်ခြင်းက တကယ်လည်း ဝတ်မယ်ဆိုရော ဝတ်စရာမရှိ အဆင်မပြေ ဖြစ်တတ်ပါတယ်။

(၁၀) ပြီးပြည့်စုံလွန်းတာကို လိုချင်လွန်းခြင်း

တစ်ခါတစ်လေ အပြင်တစ်ခါထွက် ပြင်ရ ဆင်ရ မပြီးနိုင်တာလည်း မပြောပါနဲ့။ ဖိနပ် နဲ့ ကိုယ်ဝတ်ထားတာနဲ့ လိုက်အောင်၊ လက်ကိုင်အိတ်နဲ့လည်း လိုက်ဖက်အောင်၊ အခြားaccessoryတွေ ဆင်မြန်းလည်း အထာ ကျနေအောင်ဆိုပြီး ပြီးပြည့်စုံအောင် အတင်း ပြင်ဆင်နေရင်လည်း အဆင်မပြေတတ်တာ များပါတယ်။ အရမ်းပြီးပြည့်စုံတဲ့ ဖက်ရှင်မျိုးဆို တာ ရုပ်ရှင်ထဲက မင်းသား မင်းသမီးတွေ တောင် တစ်ခါတစ်လေမှ ဖြစ်တာမျိုးပါ။ ရှိတာနဲ့ အထာကျအောင် ဝတ်တတ်တာကမှ ဖက်ရှင်အမြင်ရှိသူပါ။ ဒါကို မမေ့ပါနဲ့။

ဒီအချက် (၁၀)ချက်ကိုသာ ပြင်ဆင်လိုက်မယ်ဆိုရင် အဝတ်အစား ဝတ်ဖို့ရွေးချယ်ရာမှာ၊ ဝယ်ယူရာမှာ ၊ အရင်ကထက် ပိုအဆင်ပြေလာမှာဖြစ်ပြီး ငွေကြေးလည်း အကုန်အကျနည်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ပုံစံ ကိုယ့်အကြိုက် ကိုယ်နဲ့လိုက်ဖက်တာကို အရင်ဆုံးစဉ်းစားပြီး အသုံးအဝင်ဆုံး အရာတွေကို ပိုဦးစားပေးရွေးချယ်ကာ ကိုယ်ပိုင်ဆိုင်တာနဲ့ အမိုက်စားတွဲစပ်တတ်ဖို့ ကြိုးစားကြည့်လိုက်ပါလို့။

မေသော်

(I am Fashion)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က