In partnership with  logo
ဆိုဖီဟာ ဘန်ကောက်မှာ ဖက်ရှင်ဒီဇိုင်းပညာကို ထပ်မံသွားရောက်သင်ယူပြီးဖြစ်သလို မန္တလေးက သူမလို ဖက်ရှင်ဒီဇိုင်းပညာကို လေ့လာချင်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်က သင်တန်းတွေပြန်လည်သင်ကြားမျှေ၀ ပေးနေသူပါ။

လူတစ်ယောက်ဟာ အခြားလူတစ်ယောက်အတွက် အဝတ်အစားတွေ ဒီဇိုင်းဆွဲ၊ ချုပ်လုပ်ပေးတဲ့အခါ အဲ့ဒီလူရဲ့ပညာနဲ့ ထူးခြားတဲ့ အိုင်ဒီယာ ကြိုးစားဆန်းသစ်မှုတွေအပြင် စေတနာတစ်ရပ် မဖြစ်မနေပါဝင်နေဖို့ လိုအပ်လှပါတယ်။ ဒီအရာတွေ ပေါင်းစပ်ချုပ်လုပ်ထားတဲ့ အကျီတစ်ထည်ကို ဝတ်ဆင်ရတဲ့သူတစ်ယောက်ဟာ စိတ်ကျေနပ်မှုအပြင် ပျော်ရွှင်မှုကိုပါ တစ်ပါတည်း ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဟာ သူ့customer တွေအတွက် အလုပ်လုပ်နေရတဲ့အချိန်တိုင်း အလုပ်ပေါ်ရူးသွပ်မှုကတော့ အပြည့်ကိုရှိနေရမှာပါ။

ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေတပွေ့တပိုက်နဲ့ ကြိုးစားနေကြတဲ့သူတွေထဲ မန္တလေးကနေ ရန်ကုန်ကို ဘုရင့်နောင်ဖောင်ဖျက်စိတ်ထားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆိုဖီ (Sophie) ကတော့ ရန်ကုန်မှာ ၂နှစ်ကြာ ဖက်ရှင်ဒီဇိုင်းပညာကို လေ့လာခဲ့ပြီး ကိုယ်ချစ်တဲ့မန်းမြေမှာ အခုပြန်လည်ဆိုင်ဖွင့်နိုင်တဲ့အထိ ရည်မှန်းချက်တွေ အကောင်အထည်ဖော်လာနိုင်ခဲ့သူလေးပါ။ သူမရဲ့ ဒီပညာရပ်ပေါ် ရူးသွပ်မှုအကြောင်းလေး မေးမြန်းဖြစ်ခဲ့တဲ့အခါ



“ဆိုဖီက သိတတ်တဲ့အရွယ်ကတည်းက အရုပ်မလေးတွေအတွက် အင်္ကျီလေးတွေ ချုပ်ပေးတာမျိုးတွေ ရှိခဲ့တယ်။ အရွယ်ရောက်လာတော့ စက်ချုပ်ဆိုင်သွားရင် ကိုယ်က ဘယ်လိုဒီဇိုင်းလေးလိုချင်တယ်ဆိုပြီး ပြောပြီး ချုပ်တယ်။ အတွဲအစပ်တွေဆိုရင်လည်း ကိုယ့်အကြိုက် ဟိုစပ်ဒီစပ်ဝတ်တာ စိတ်ဝင်စားတယ်။ Handmade လေးတွေလည်း ကိုယ့်မှာရှိပြီးသား အဝတ်အထည်တွေကို ဟိုဖြတ်ဒီဖြတ်နဲ့ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး စသင်ယူဖြစ်တာက ၂၀၁၄၊ ၈လပိုင်းမှာ စသင်ယူဖြစ်ခဲ့တာပါ။ အစပိုင်းက မန္တလေးက ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်ခဲ့တာပါ။ ကိုယ်က ကုမ္ပဏီမှာ အလုပ်သာလုပ်နေတာ၊ ဒါကိုယ်လုပ်ချင်တာ မဟုတ်ဘူးဆိုတာ သိနေခဲ့တယ်။ နောက်ပိုင်းမှာတော့ ကိုယ်ဘာကိုလုပ်ချင်လဲဆိုတာ သေချာစဉ်းစားတယ်။ ဒါမလုပ်ခင် ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်ဆိုပြီး လျှောက်တွေးခဲ့တာတွေလည်း ရှိတာပေါ့နော်။ ဒါပေမယ့် နောက်ဆုံး ဒီအလုပ်ကိုပဲ လုပ်ဖို့ဆုံးဖြတ်ပြီး ဘုရင့်နောင်ဖောင်ဖျက်ထွက်ခဲ့တာပေါ့။ အဲဒီတုန်းကတော့ ဒီလိုဆိုင်လေးဖွင့်နိုင်မယ်လို့တောင် မထင်ခဲ့ဘူး။ တဖြည်းဖြည်း ခေတ်ကာလအခြေအနေရော၊ တစိုက်မတ်မတ်ကြိုးစားခဲ့တာရော၊ ကိုယ့်စေတနာတွေကြောင့် ဒီလိုအခြေအနေလေးဖြစ်လာတယ် ထင်ပါတယ်”လို့ သူမရဲ့အကြောင်းကို ပထမဆုံး ခြုံငုံပြောပြပေးသွားပါတယ်။

မန္တလေးသူတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်မြို့မှာ ဖက်ရှင်ဒီဇိုင်းပညာကို မသင်ဖြစ်တာကိုတော့ သူမက “ကိုယ်က မန္တလေးကဆိုပေမယ့် မန္တလေးက ပုံစံ၊ flow ကိုမယူချင်ဘူး။ အဲဒါကြောင့် ပိုပြီး ဖက်ရှင်အမြင်လည်း ရှိမယ်။ ဒီဇိုင်းပိုင်းဆိုလည်း ပိုပေါများမယ်ထင်တဲ့ ရန်ကုန်မှာပဲ သင်ချင်တယ်ပေါ့။ အဲဒါနဲ့ပဲ ဆရာပြည်စိုးအောင်ဆီမှာ လေ့လာသင်ယူဖြစ်ခဲ့ပါတယ်။ အစကတော့ တစ်နှစ်လောက်ပဲဆိုပြီး အမေ့ကို ပြောပြီးထွက်လာခဲ့တာ။ တကယ်လည်း ထဲထဲဝင်ဝင်လေ့လာရော ၁နှစ်နဲ့ပညာကမစုံဘူး။ အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်လောက် ပညာကို သင်ယူလေ့လာမှ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိမယ်လို့ ထင်မိတာနဲ့ တစ်နှစ်ထပ်နေခဲ့ပါတယ်”တဲ့။

ကိုယ့်အိပ်မက်တွေကို ပုံဖော်ဖို့အတွက် ရန်ကုန်ကို ရောက်စမှာတော့ နေဖို့၊ သွားဖို့လာဖို့အပိုင်းတွေ အခက်အခဲတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းကျတော့ သူမအတွက် ပေါင်းသင်းဆက်ဆံရေးပိုင်းတွေက အခက်အခဲဖြစ်လာခဲ့ပါတယ်တဲ့။ ဒီအကြောင်းကိုသူမက

“ကိုယ်က ငယ်ငယ်လေးကတည်းက အိမ်နဲ့မခွဲဖူးဘူး။ အိမ်နဲ့ခွဲရတာက ကိုယ့်အတွက် အခက်အခဲရယ်လို့ မဟုတ်ပေမယ့် နေထိုင်ဖို့၊ သွားဖို့လာဖို့တွေကျတော့ အစပိုင်း အခက်အခဲသဘောမျိုး ဖြစ်ခဲ့ပါတယ်။ ပညာကို သင်ယူတဲ့အပိုင်းမှာတော့ ကိုယ်ကဒီပညာကို သင်ယူမယ်၊ ဒါတစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ်လုပ်မယ် ဆုံးဖြတ်ထားတာဆိုတော့ ဒီဟာအပေါ်မှာတော့ အာရုံကိုအပြည့်ထားထားတယ်။ အပျော်အပါးဘာညာ ဘာမှကို အာရုံမရှိခဲ့တော့ ဖြစ်လာသမျှ ကြုံလာရသမျှအားလုံးကို ဒီစိတ်နဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ အချိန်တန်လို့ အိမ်ပြန်ရတဲ့အခါ အကောင်းဆုံးတွေပဲ ယူသွားနိုင်အောင် စိတ်ထည့်ပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် စိတ်အားငယ်စရာ၊ အခက်အခဲရယ်လို့ ဖြစ်လာတာက ကိုယ်မထင်မှတ်ထားတဲ့ ပေါင်းသင်းဆက်ဆံရေးပိုင်းတွေပေါ့။ ကိုယ့်နယ်ကနေ တခြားမြို့တစ်ခုခုကိုသွားမယ်ဆိုရင် ကိုယ့်စိတ်ကိုနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရည်ရွယ်ချက်မပျောက်ဖို့ အရေးကြီးတယ်။ အပေါင်းအသင်းဆိုလည်း ကိုယ်သေချာ ရွေးချယ်ပေါင်းသင်းတတ်မှရပါမယ်။ type ချင်းမတူတော့ အဲ့ဒီအပိုင်းမှာ စိတ်ညစ်ရတာ၊ ဝမ်းနည်းခဲ့ ရတာတွေလည်း ရှိတယ်။ နောက်တစ်ခုကကျတော့ မန္တလေးက လူတော်တော်များများက ကိုယ့်ကို ရန်ကုန်သွားရင်တော့ ပညာသင်ဖြစ်တာမဖြစ်တာထက် ပျက်စီးတော့မှာပဲ လို့ထင်ကြတယ်။ ဒါကို အချိန်နဲ့ အလုပ်နဲ့ သက်သေပြခဲ့ရတာပေါ့”လို့ သူမက ဖွင့်ဟသွားပါတယ်။

ဒီအလုပ်ဟာ ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်တဲ့အပြင် ရည်မှန်းချက်ကြီးကြီးထားပြီး ဖြတ်သန်းနေရတဲ့ အချိန်ဖြစ်တာကြောင့် ဆိုဖီဟာ သင်တန်းတက်နေတဲ့တောက်လျှောက် သင်ယူစရာတွေအားလုံးကို မပင်မပန်း သင်ယူနေခဲ့တာပါ။

“သင်တန်းတက်နေချိန်မှာလည်း ဆရာသင်ပြပေးသမျှကို လွတ်မသွားအောင် အမြဲအာရုံအပြည့်ထားတယ်။ ဆရာ့အတွက် ဘာတွေကူနိုင်မလဲ အမြဲတွေးတယ်။ သင်တန်းပိတ်ရက်တောင် ဆရာရှိုးပွဲသွားပြီဆိုရင်လည်း နောက်ကလိုက်ပြီး ကူခဲ့တာတွေက အခုချိန်မှာတော့ အဖိုးမဖြတ်နိုင်တဲ့ ပညာတွေပါပဲ” တဲ့။

သင်တန်းပြီးသွားတဲ့နောက်ပိုင်း ကိုယ့်ကိုယုံကြည်တဲ့သူတွေအတွက် ကိုယ်ချုပ်ချင်တာလေး စမ်းချုပ်ပေးရင်း ရန်ကုန်မှာ နှစ်နှစ် ၊ သုံးနှစ် ဘယ်သူ့အကူအညီမှမပါဘဲ တစ်ယောက်တည်း စက်တွေချုပ်၊ ကြိုးစားပြီး နေထိုင်ခဲ့ရတာတွေက အခုချိန်ကိုယ့်လက်အောက်မှာ ဝန်ထမ်းတွေ၊ သင်တန်းသူလေးတွေ အများကြီး ရှိလာပြီဖြစ်သည့်တိုင် ကိုယ့်အလုပ်အတွက် အများကြီးအထောက်အကူဖြစ်ခဲ့တဲ့အကြောင်းလည်း သူမ ပြောပြသွားပါသေးတယ်။

ကိုယ့်အလုပ်ပေါ် ရူးသွပ်တဲ့အပြင် စေတနာကောင်းလို့ ကံကောင်းတယ်ဆိုရမလား၊ ၂၀၁၄ခုနှစ်လောက်တုန်း က ဒီပညာနဲ့ ရပ်တည်မယ်၊ အသက်မွေးဝမ်းကြောင်းပြုမယ်ဆိုရင် ဒီလောက်ထိဖြစ်လာမယ်လို့ မထင်ခဲ့တဲ့ သူမဟာ ရန်ကုန်ကနေ မန္တလေးပြန်ရောက်တဲ့အချိန်မှာ ခက်ခက်ခဲခဲရုန်းကန်ရတာမျိုးတွေ ဘာမှမရှိခဲ့တဲ့ အကြောင်းကိုတော့ “အချိန်ကောင်းလေးမှာ ကိုယ့်မြို့လေးကို ပြန်ပြီး အလုပ်လုပ်ဖြစ်သွားတဲ့အခါကျတော့ ကိုယ့်အပေါင်းအသင်း အသိမိတ်ဆွေတွေကလည်း အားပေးကြတယ်။ ဆိုင်ဖွင့်ဖြစ်တယ်ဆိုတာကလည်း ကိုယ့်အိမ်လေးမှာပဲ သေချာလေးပြင်ဆင်ပြီး ဖွင့်လိုက်တာပါ။ မန္တလေးမှာပဲ ပြန်ပြီး ကိုယ်အိပ်မက်လေးကို ပုံဖော်ရတာကျတော့ အမေနဲ့အတူတူ အိုးမကွာအိမ်မကွာလေး လုပ်ရတယ်။ အဲ့ဒါကတော့ အဓိကအချက်ပဲ။ တကယ်ကြိုးစားကြည့်တော့ ထင်သလောက်တော့ မခက်ခဲခဲ့ဘူး။ နောက် ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရတော့ အမြဲပျော်နေတာလည်း ပါမယ်။ စိတ်ပင်ပန်းတာတွေဘာတွေလည်း မရှိသလောက်ပဲ။ အလုပ်ကလေးကလည်း တဖြည်းဖြည်း ဖြစ်လာတာမြင်တော့ ပိုကြိုးစားချင်စိတ်တွေပဲ ရှိလာခဲ့တယ်။ နာမည်ကြီးတာ မကြီးတာထား ကိုယ်ပိုင်အလုပ်လေးလုပ်ပြီး၊ အမေနဲ့အတူတူရှိရတာကို ပျော်တယ်။ ဒီအလုပ်ကျတော့ ကိုယ်သဘောကျတဲ့ အရာဆိုတော့ မနက်မိုးလင်းကတည်းက ညအိပ်ယာဝင်ချိန်အထိ စိတ်ကျေနပ်ပျော်နေရတာပေါ့” တဲ့။

ဖက်ရှင်ဒီဇိုင်းမှာ သူမအားသန်တဲ့လိုင်းကတော့ မြန်မာပွဲတက်ဝတ်စုံ၊ evening dress၊ ထိုင်မသိမ်းပိုင်းလို့ သိရပါတယ်။

 “အခု ၂၀၁၈နဲ့ ၂၀၁၉မှာတော့ ထိုင်မသိမ်းတွေဘက်ကို တအား အားသန်နေတယ်။ အဓိကကတော့ ပွဲမှာဝတ်လို့ရမယ့်ဟာ လေးတွေပေါ့။ ဒါပေမယ့် မင်းသမီးတွေလောက်ပဲ ဝတ်ကြတဲ့ အထောင်တွေ၊ အတက်တွေ၊ ပြူးပြူးပြဲပြဲဒီဇိုင်းမျိုးတွေတော့ အားမသာဘူး။ sexy ဖြစ်တာမျိုးထက် elegant ဖြစ်ပြီး စမတ်ဘက်သွားတဲ့ ဒီဇိုင်းတွေကိုပဲ အားသာတယ်” လို့ သူမက ပြောပါတယ်။

Customer တွေနဲ့ ပတ်သက်ပြီး ဒီဇိုင်းပိုင်း ဘယ်လိုစဉ်းစားတယ်၊ အပ်ထည်တွေအတွက် ဘယ်လိုတွေ ချုပ်ပေးဖြစ်တယ်ဆိုတဲ့ အပိုင်းကိုတော့ “ကိုယ့်ကိုအဝတ်အစားတွေလာအပ်တဲ့အခါ customer က ဘယ်လိုလူစားမျိုးလဲ၊ ဒါကိုပွဲဝတ်မှာလား၊ ရုံးလားကျောင်းလား အဲ့ဒီအပေါ်မှာ တစ်ချက်စဉ်းစားတယ်၊ ပွဲဆို ဒီပွဲက ဘယ်လောက်ကြီးပြီး ဘယ်လိုလူမျိုးတွေလာမှာလဲ၊ အဲ့ဒီပေါ် ပိတ်စနဲ့ ဒီဇိုင်းစဉ်းစားတယ်၊ customer နဲ့လည်း လုံးဝလိုက်ဖက်ရမယ်ပေါ့။ customer က ဒါလုပ်ခိုင်းတိုင်းလည်း လုပ်ပေးဖို့က မဖြစ်ဘူး။ ကိုယ့်ပုံစံလည်း မပျောက်အောင် သူ့ကိုလည်း ဘယ်လိုဆိုမလှဘူး၊ ဒီလိုလေးဆိုပိုလှတယ်ဆိုတာလေး ရှင်းပြတိုင်ပင်ရတာပေါ့။ Customer တွေပတ်သက်ရင် ပြဿနာတက်တာ ဘာညာမရှိခဲ့ဖူးဘူး။ အဲဒါကတော့ ကိုယ်တိုင်ကလည်း အလုပ်နဲ့ပတ်သက်ရင် စိတ်ရှည်ပြီး အောက်ကျို့တယ်။ ရက်ချိန်းဆို မှန်အောင် လုပ်ပေးတယ်။ သူတို့တွေအတွက် အဆင်ပြေအောင် အမြဲဦးစားပေးစဉ်းစားပါတယ်” တဲ့။

အခုဆိုရင် ဆိုဖီဟာ ဘန်ကောက်မှာ ဖက်ရှင်ဒီဇိုင်းပညာကို ထပ်မံသွားရောက်သင်ယူပြီးဖြစ်သလို မန္တလေးက သူမလို ဖက်ရှင်ဒီဇိုင်းပညာကို လေ့လာချင်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်က သင်တန်းတွေပြန်လည်သင်ကြားမျှေ၀ ပေးနေသူပါ။

“ဘန်ကောက်မှာသွားပြီးသင်ဖြစ်ခဲ့တာကတော့ ၂၀၁၈ခုနှစ်တုန်းကပေါ့။  ဒီပညာက အမြဲလေ့လာ သင်ယူနေမှဖြစ်မှာမို့ ကလေးတွေကိုလည်း ပြန်သင်ပေးချင်တယ်၊ ဆရာတစ်ယောက်အနေနဲ့လည်း ခြေတစ်လှမ်းတော့ ရှေ့ရောက်နေမှဖြစ်မှာဆိုတော့ ထပ်ပြီးတော့ သွားသင်ယူဖြစ်တယ်။ ကိုယ်ပိုပြီးဖြည့်ချင်တာရယ်၊ ကိုယ့်ဆီသင်တန်းလာတက်တဲ့ကလေးတွေ တော်စေတတ်စေချင်တာရယ်၊ customer တွေလည်း ပိုအဆင်ပြေစေချင်တာကြောင့်ပါ။ သင်တန်းပေးဖြစ်သွားတာကကျတော့ မန္တလေးကို ပြန်ရောက်တဲ့အချိန်မှာ ကိုယ်ချုပ်တာလေးတွေ သဘောကျပြီး ကိုယ့်ဆီသင်တန်းတက်ချင်လို့ လာစုံစမ်းတဲ့ သူတွေရှိလာတယ်။ အစကတော့ ငြင်းသေးတယ်။ သုံးလေးခါကျတော့ ငါသင်ကြည့်ရင်ကောင်းမလားပေါ့။ အဲဒီမှာ ကိုယ်ကမြို့ကို ပြန်ခါစ အလုပ်ပါးတဲ့အချိန်လေး သင်ပေးကြည့်လိုက်တာ။ တစ်ယောက်က အဆင်ပြေတော့ တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက် အဲ့ဒီလိုလေးဖြစ်သွားတာ။ နောက်ပိုင်း သင်တန်းပေးမယ် ကြေညာလိုက်တိုင်းလည်း အမြဲတမ်းလူပြည့်တယ်။ နောက်ပိုင်း ကြေညာစရာကိုမလိုတော့တဲ့အထိ ဖြစ်လာတယ်ပေါ့နော်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကလေးတွေကိုသင်ပေးရင်း သူတို့မေးတာတွေ၊ complain လုပ်တာလေးတွေကို ပြန်ရှင်းပြဖြေပေးရတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပိုယုံကြည်မှုရှိလာတယ်။ အဲဒါကြောင့်လည်း သင်တန်းကို ဆက်ဖွင့်ဖြစ်သွားတာပါ။” လို့ သူမက ပြောပြပေးသွားပါတယ်။

၂၀၁၈တုန်းကလို ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီး သင်တန်းတက်ခဲ့သလို ၂၀၁၉နှစ်အတွင်းမှာလည်း သင်တန်းတစ်ခုခု ထပ်တက်ပြီး ကိုယ့်ကိုကိုယ် update လုပ်သွားဖို့ ရှိသေးတယ်ဆိုတဲ့ သူမက ဒီ ၂၀၁၉ ထဲမှာပဲ ready to wear လေးတွေလည်း ထုတ်သွားဦးမှာပါတဲ့။



ဖက်ရှင်ဒီဇိုင်းပညာကို လေ့လာချင်ပေမယ့် မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့သူတွေ၊ နောက် ဖြစ်ပါ့မလားဆိုပြီး တွေဝေနေတဲ့သူတွေအားလုံးကို ဆိုဖီက ခုလို အကြံပေးစကားဆိုသွားပါသေးတယ်။

“ကိုယ်က ဝါသနာပါတယ်ဆိုတာ သေချာရင် ဇွဲလည်းရှိရမယ်။ တချို့က ဝါသနာပါပေမယ့် အပေါ်ယံပဲ။ ဇွဲမရှိဘူး။ တချို့ကျတော့ ဇွဲရှိပေမယ့် ပါရမီမပါဘူး။ အဲဒါကြောင့် ကိုယ့်ဝါသနာပါရာကို ဇွဲနဲ့မဆုတ်မနစ် ကြိုးစားစေချင်တယ်။ ပြီးတော့ လွယ်လွယ်အားမလျော့ဘဲ အမြဲတမ်းပဲ လေ့လာနေ၊ ချုပ်နေ၊ စမ်းသပ်နေ၊ အမှားတွေရှာနေဆိုရင် တစ်ချိန်ချိန်တော့ ကိုယ့်ကိုလက်ခံတဲ့နေရာလေး ရကို ရလာမှာပါ။ နောက်အရေးကြီးတဲ့အရာက အောင်မြင်မှုနောက်၊ ငွေနောက်မလိုက်ဘဲ ကိုယ့်ဝါသနာကို ရူးသွပ်တဲ့စိတ်နဲ့သာ အစွမ်းကုန်ကြိုးစားကြဖို့ပါ” တဲ့။

အခုလို အောင်မြင်မှုနောက်လိုက်ပြီး နာမည်ကြီးဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ ခေတ်ကြီးမှာ ဆိုဖီကတော့ ကိုယ့်အလုပ်ပေါ်မှာသာ အာရုံအပြည့်ထားရင်း စေတနာလည်ပေါင်းထည့် ရူးရူးသွပ်သွပ်ကြိုးစားနေသူလို့ ဆိုရပါလိမ့်မယ်။ ကိုယ်ချုပ်ပေးလိုက်တဲ့ အင်္ကျီလေးဟာ customer ရဲ့ခန္ဒာကိုယ်ပေါ်မှာ လှလှလေး ဖြစ်သွားတာဟာ ပေါက်အောင်လုပ်မယ်ဆိုတဲ့စိတ်၊ အောင်မြင်ချင်တဲ့စိတ်ကြောင့် မဟုတ်ပါပဲ ကိုယ့်စိတ်ရင်းခံက ရိုးသားပြီး စေတနာတွေပါနေလို့သာ ခုလိုဖြစ်သွားတာလို့ ယုံကြည်နေသူလို့ ပြောရင်လည်း မမှားပါဘူး။ သူမကိုယ်တိုင်ရွေးချယ်ပြီး လျှောက်တဲ့လမ်း ဘယ်လောက်ကြမ်းတမ်းပါစေ၊ အလုပ်ကို ချစ်တဲ့စိတ်၊ မဆုတ်မနစ်ရှေ့ဆက်လှမ်းတတ်တဲ့ ခြေလှမ်းတွေကြောင့် သူမရဲ့ခရီးလမ်းဟာ တဖြည်းဖြည်းပိုလို့ ချော့မွေ့လာဦးမှာ အသေအချာပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က