ဘယ်လိုအကြောင်းအရာတွေကြောင့် မီးသတ်ထဲဝင်ချင်ရတာလဲ။
 

မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲ မင်းသားချောတစ်ယောက်ဖြစ်တဲ့ တိုင်ရွန် ကတော့ မီးသတ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီတဲ့။ ပရဟိတ လုပ်ချင်တဲ့ စိတ်အားထက်သန်မှုတွေကြောင့် မီးသတ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ သူ့အနေနဲ့ ငွေအင်အားမတက်နိုင်ပေမယ့် လူအင်အားအဖြစ် ပါဝင်ချင်တယ်ဆိုပြီးတော့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' မီးသတ်ထဲကို ဝင်ဖြစ်တဲ့ စိတ်ကူးလေးက ပရဟိတအနေနဲ့ ပထမဦးဆုံး ကျွန်တော် ဟာသသရုပ်ဆောင် မကစ်ကစ်ကို လှူဖြစ်ခဲ့တယ်။ အဲ့ဒီကနေစပြီး အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ကိုရဲဟိန်းနဲ့ တိုင်ပင်တယ်။ ကျွန်တော် ပရဟိတအလုပ်တွေ လုပ်ချင်တယ်လို့ ပြောတော့ သူကလည်း ညီလေး မီးသတ်ထဲဝင်မလားပေါ့။ သူကိုယ်တိုင်ကလည်း ငွေအင်အားရော၊ လူအင်အားရော ဒီအပိုင်းမှာ ဆိုက်ထုတ်ထားတဲ့ သူဖြစ်တော့ သူ့ကို အရမ်းလေးစားတယ်၊ အန္တရာယ်များတယ်ဆိုရင်လည်း လုပ်မယ် ကျွန်တော် မီးသတ် သင်တန်းတက်ချင်တယ်၊ ပြီးတော့ ငွေအားနဲ့ မတက်နိုင်ရင်တောင်မှ လူအင်အားအဖြစ် ကျွန်တော်ဝင်ချင်တာပါ''ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့က ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင် ဇာတ်ကားကြီး အောင်မြင်မှု အမှတ်တရ ညစာစားပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

အရန်မီးသတ်ဆိုတာ လစာမရပေမယ့် ဒါဟာ ပရဟိတစိတ်ဓာတ်ဖြစ်တယ်လို့ တိုင်ရွန်က ပြောပါတယ်။

'' ဒီဟာက ပရဟိတစိတ်ဓာတ်ပဲ။ အရန်မီးသတ်ဆိုတာက လစာမရဘူး ၊ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က အဲ့ဒီအပိုင်းကို အရမ်းလုပ်ချင်တယ်။ သူတစ်ပါး ဒုက္ခရောက်နေတဲ့အချိန်မှာ တက်နိုင်သလောက် အားကြိုးမာန်တက်နဲ့ ဝင်ပြီးတော့ ကူညီချင်တယ်။ တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့ စိတ်ရှိတဲ့အခါကျတော့ ညဘက် တစ်ရေးနိုးဆိုလည်း ကျွန်တော် ထသွားမယ်။ ဒါမျိုး ဝါသနာပါတာပေါ့'' လို့ ဆိုပါတယ်။

 ဟာသသရုပ်ဆောင်ကစ်ကစ် ကျန်းမာဖို့ဆုတောင်းပေးခဲ့တဲ့ တိုင်ရွန်

တိုင်ရွန်ဟာ အရန်မီးသတ်ထဲဝင်မှာဖြစ်ပေမယ့် အနုပညာအလုပ်တွေနဲ့ တိုက်ဆိုင်လာမယ်ဆိုရင်တော့ အနုပညာအလုပ်တွေကို ပိုပြီးတော့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

'' မီးသတ်အလုပ်နဲ့ အနုပညာအလုပ်တွေ တိုက်ဆိုင်လာမယ်ဆိုရင်တော့ အနုပညာအလုပ်ကတော့ ကျွန်တော့်အတွက် Professional အလုပ်၊ ထမင်းစားရတဲ့အလုပ်ဖြစ်တဲ့ အတွက် ပိုပြီးတော့ ဦးစားပေးရမှာပေါ့။ ကျန်တဲ့အချိန်တွေကတော့ ကျွန်တော့် အိပ်ချိန်ထဲကပဲ ဖြစ်ဖြစ် မီးသတ်အပိုင်းတွေကို ကျွန်တော် ကူညီပေးသွားမှာပါ' လို့ သူကဆိုပါတယ်။

ပရဟိတစိတ်ဓာတ်ပြင်းပြတဲ့ တိုင်ရွန်ဟာ ဆီးချိုရောဂါကြောင့် မျက်စိကွယ်တော့မလိုဖြစ်နေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ဇွန်လ ၇ ရက်နေ့ကစပြီး နေအိမ်မှာ ငွေကြေးသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီးကိုပါ တစ်ခါတည်း ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဖိုးဝါးခ တွေကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက် အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က