AD
AD
AD

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့တဲ့ တောဝက် လူငယ်ဘောလုံးအသင်းမှ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့နည်းပြဖြစ်သူကို ဂူအပြင်သို့ကယ်ထုတ်မှု အောင်မြင်ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဂူထဲမှာ ကျန်ရှိနေတဲ့ လူငယ်ငါးဦးကို ရေငုပ်သမားတွေက ဂူအပြင်သို့ ယနေ့ (ဇူလိုင် ၁၀ ရက်) ကယ်ထုတ်ခဲ့ကြပါတယ်။

play
ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)


ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ အခြားလူငယ် ၈ ဦးကို ကယ်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ လူငယ်အုပ်စုဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဧရိယာအတွင်းရှိ ရေကြီးနေတဲ့ Tham Laung ဂူအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြပါတယ်။

"တောဝက် ၁၂ ကောင်နဲ့ နည်းပြတို့ကို ဂူထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါပြီ၊ အားလုံး အန္တရာယ်ကင်းပါတယ်" လို့ ထိုင်းရေတပ် အထူးတပ်ဖွဲ့က Facebook မှာ ရေးထားပါတယ်။

play
ဂူထဲမှကယ်ထုတ်နိုင်ခဲ့သည့် လူငယ်များ (Infographic: Rafa Estrada/CNA)


လူငယ်အုပ်စုကို ဂူထဲမှာပြန်တွေ့ပြီးနောက် ၎င်းတို့နဲအတူ နေထိုင်စောင့်ရှောက်ခဲ့ကြတဲ့ ဆရာဝန်တစ်ဦး အပါအဝင် ထိုင်းရေတပ် အထူးတပ်ဖွဲ့မှ ရေငုပ်သမား ၄ ဦး ဂူထဲကပြန်ထွက်လာအုံးမယ်လို့လည်း ထိုင်းရေတပ် အထူးတပ်ဖွဲ့ရဲ့ Facebook ပို့စ်မှာ ရေးထားခဲ့ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

play
ဘောလုံးအသင်းမှ ကျောင်းသားများ အတွက် အတန်းဖော်များက ဆုတောင်းနေကြစဉ် (Photo: Reuters/Tyrone Siu)


၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို​ ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

play
ဂူထဲမှာ ပိတ်မိခဲ့ကြသည့် လူငယ်အုပ်စု (Photo: Thai Navy Seal)


ယခုအခါ တောဝက်ဘောလုံးအသင်းမှ လူငယ်များအားလုံးကို ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ ဂူအပြင်ကို ကယ်ထုတ်ခဲ့တဲ့ ယောက်ျားလေး ၈ ဦးကို ကျန်းမာရေး စစ်ဆေးပြီးနောက် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။ ၎င်းတို့အနက် ၂ ဦးသာ အဆုတ်ရောင်နေတယ်လို့ ယူဆရပြီး လိုအပ်တဲ့ ဆေးကုသမှု ဆောင်ရွက်ပေးနေပါတယ်။

play
ဂူထဲမှကယ်ထုတ်လာပြီးနောက် အရေးပေါ် လူနာတင်ကားဖြင့် ခေါ်ဆောင်လာစဉ် (Photo: AFP/Getty Images)


"၈ ယောက်လုံး ကျန်းမာရေးကောင်းပါတယ်၊ ကိုယ်ပူဖျားနာနေတာမျိုးလည်း မရှိပါဘူး၊ အားလုံးက စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း ကောင်းကြပါတယ်" လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါ ချွတ်ကီဒမ်ယောင်ဆွတ်ခ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ယနေ့ နောက်ဆုံး ကယ်ထုတ်လာတဲ့ ၅ ဦးကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုကို အောင်မြင်စွာ​ ရှာဖွေကယ်ဆယ်နိုင်ခဲ့တဲ့ ယခုဖြစ်ရပ်ကို ကမ္ဘာတစ်ဝှမ်းမှ ချီးကျူးခဲ့ကြပြီး ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD