အမေရိကန်မှာ သမ္မတဒေါ်နယ်ထရန့်ကို ရည်ရွယ်သူကို ပစ်မှတ်ထားပြီး ပါဆယ်ဗုံးပေးပို့မှုတွေနဲ့ ဆက်နွယ်နေတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖလော်ရီဒါပြည်နယ်မှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ဆီဆာ ဆေယော့ (Photo: Breward Sheriff's Office/Sayoc's Facebook)
ဖလော်ရီဒါမှာ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ဖမ်းဆီးခံရသူဟာ သမ္မတထရန့်ကိုထောက်ခံသူ ဆီဆာ ဆေယော့ (Cesar Sayoc) ဆိုသူဖြစ်ကြောင်းနဲ့ နောက်ထပ် ဖမ်းဆီးမှုတွေ ရှိလာနိုင်ကြောင်း အမေရိကန်မီဒီယာတွေက ပြောပါတယ်။
ပါဆယ်ဗုံးတွေ ပေးပို့မှုနဲ့ပတ်သက်ပြီး ယခုလုပ်ရပ်တွေဟာ စက်ဆုပ်စရာကောင်းပြီး မိမိတို့နိုင်ငံမှာ ထိုသို့လုပ်ဆောင်သူအတွက် နေရာမရှိကြောင်းနဲ့ ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမယ်လို့ သမ္မတထရန့်က ကတိပြုလိုက်ပါတယ်။
ဆေယော့၏ ဗင်ကားမှာတွေ့ရသည့် စတစ်ကာပုံများ (Photo: @thereal_mo01/Twitter)
လတ်တလော ရက်များအတွင်း အမေရိကန်မှာ သမ္မတဟောင်း ဘာရတ်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ မင်းသားရောဘတ်ဒီနဲရိုးတို့ အပါအဝင် ထင်ရှားသူ ၁၁ ဦးထံသို့ ပေါက်ကွဲစေနိုင်တဲ့ ပါဆယ်ထုပ် ၁၃ ထုပ် ပေးပို့မှုဖြစ်ပွားခဲ့ပါတယ်။
နောက်ဆုံး ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်နှစ်ထုပ်ကို ဖလော်ရီဒါမှာ တွေ့ရှိခဲ့ရပါတယ်။ သမ္မတထရန့်ကို ဝေဖန်ခဲ့ဖူးတဲ့ ထင်ရှားသူတွေထံ ပါဆယ်ဗုံးများပေးပို့မှုဟာ နိုဝင်ဘာ ၆ ရက် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သီတင်းနှစ်ပတ်တွင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတထရန့်ကို အားပေးထောက်ခံသည့် ဆေယော့ (Photo: Sayorc's Facebook)
အမေရိကန်သတင်းတွေမှာ ဖော်ပြမှုအရ ဆေယော့ကို ဖလော်ရီဒါပြည်နယ် ပလန်တေးရှင်းမြို့ရှိ ယာဉ်အပိုပစ္စည်းဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဆေယော့ဟာ ပါဆယ်ဗုံးတွေပေးပို့မှုမှာ အဓိက သံသယရှိသူဖြစ်ပြီး ၎င်းကို ဖမ်းဆီးနိုင်ရန် DNA သက်သေအသုံးပြုပြီး ခြေရာခံခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
၎င်းဟာ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးတဲ့ ရဲမှတ်တမ်းရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ ဆေယော့ဟာ ၂၀၁၂ ခုနှစ်မှာ ဒေဝါလီခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဖော်အချွတ်ကလပ်တစ်ခုမှာ ဆေယော့ကို အမျိုးသမီးတစ်ဦးနှင့်အတူ တွေ့ရစဉ် (Photo: Sayoc's Facebook)
အမေရိကန်မီဒီယာတွေမှာ ဖော်ပြမှုအရ ပါဆယ်ဗုံးပေးပို့မှုတွေနဲ့ ဆက်စပ်ပြီး ဆေယော့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေပြုလုပ်ရန် ဖမ်းဝရမ်းငါးခုထက်မနည်း တောင်းခံထားကြောင်းလည်း သိရပါတယ်။ ဆေယော့ကို ဖမ်းဆီးခဲ့ပြီးနောက် သမ္မတထရန့်က တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေရဲ့ အလျင်အမြန် ဆောင်ရွက်မှုတွေကို ချီးကျူးခဲ့ပါတယ်။
"ကျွန်တော်တို့ သူတို့ကို တရားစွဲဆိုသွားပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမှာပါ၊ ကျွန်တော်တို့ နိုင်ငံရေးအကြမ်းဖက်မှုတွေ အမြစ်တွယ်သွားမှာကို ဘယ်တော့မှ ခွင့်မပြုပါဘူး" လို့ သမ္မတထရန့်က အိမ်ဖြူတော်မှာပြုလုပ်တဲ့ ပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
Infographic Map: Daily Mail
ထပ်မံသိရှိရတဲ့ သတင်းအရ ပါဆယ်ဗုံးများပေးပို့ခဲ့တဲ့ ဆေယာ့ကို ဖမ်းဆီးရမိတဲ့ အောက်တိုဘာ ၂၆ ရက်မှာပင် စွဲချက်တင်လိုက်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၄၈ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။
ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပေးပို့ခံရသူများ
- နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်
- သမ္မတဟောင်း ဘာရတ်အိုဘားမား
- ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်
- စီအိုအေညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန် (CNN နဲ့ အလုပ်လုပ်နေသူ)
- ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါ
- ကယ်လီဖိုးနီးယား လွှတ်တော်အမတ် အမျိုးသမီး မက်ဆင်းဝါတားစ်
- ရင်းနှီးမြှုပ်နှံသူနဲ့ လစ်ဘရယ်ဝါဒီ ပရဟိတအလှူရှင် ဘီလျံနာဂျော့ဂျ်ဆိုရော့စ်
- ဟောလိဝုဒ်မင်းသားကြီး ရောဘတ်ဒီနဲရိုး
- ဒီမိုကရက်တစ်လွှတ်တော်အမတ် ကိုရီဘွတ်ကာ
- ဒီမိုကရက်တစ်လွှတ်တော်အမတ် ကမ်မလာ ဟာရစ်
- ထောက်လှမ်းရေးအကြီးအကဲဟောင်း ဂျိမ်းစ်ကလက်ပါ
Source: BBC, Sky News, CNN, AFP
ဆက်စပ်သတင်း
- အမေရိကန်မှာ ထင်ရှားသူတွေထံ ပေါက်ကွဲစေနိုင်တဲ့ ပါဆယ်ထုပ်ပေးပို့မှုများ ဆက်တိုက်ဖြစ်ပွား
- ကလင်တန်ဇနီးမောင်နှံနဲ့ အိုဘားမားထံ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပေးပို့မှု ကြားဖြတ်ဖော်ထုတ်နိုင်ခဲ့