အိန္ဒိယလေတပ်က ၎င်းတို့နယ်စပ် ကောင်းကင်ယံမှာ ပါကစ္စတန်စစ်တပ် ဒရုန်းတစ်စီးကို ပစ်ချလိုက်ကြောင်းနဲ့ အိန္ဒိယမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
(ပါကစ္စတန်စစ်တပ်မှ ဒရုန်းတစ်စီးကို တွေ့ရစဉ်) (Photo: AFP)
အိန္ဒိယလေတပ်ရဲ့ Sukhoi-30 တိုက်လေယာဉ်က နိုင်ငံမြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် Bikaner မြို့အနီးမှာ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တစ်စင်း တပ်ဆင်ထားတဲ့ ပါကစ္စတန်စစ်တပ်မှ ဒရုန်းကို ယမန်နေ့ (မတ်လ ၄ ရက်) က ပစ်ချခဲ့ကြောင်း အမည်မဖော်ပြထားတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ပြောခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ယခု အခြေအနေအရ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေဆဲလို့ ဆိုနိုင်ပါတယ်။ မတ်လ ၄ ရက် ဖြစ်ရပ်ဟာ ခြောက်ရက်အတွင်း ပါကစ္စတန်က အိန္ဒိယပိုင်နက်အတွင်း ဒရုန်းစေလွှတ်ရန် ဒုတိယအကြိမ် ကြိုးပမ်းမှုလို့လည်း ဆိုပါတယ်။
(Sukhoi-30 တိုက်လေယာဉ်) (Photo: AP)
ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာလည်း ပါကစ္စတန်ရဲ့ ဒရုန်းတစ်စီးကို အိန္ဒိယက ပစ်ချခဲ့သေးကြောင်း Press Trust of India (PTI) သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန် နှစ်ဖက်လုံးက တရားဝင် ပြောကြားမှုမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတဲ့ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား တင်းမာမှုများ အန္တရာယ်ရှိတဲ့ အခြေအနေအထိ မြင့်တက်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေမှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ စတင်မြင့်တက်ခဲ့ပါတယ်။ အဆိုပါ အသေခံ ကားဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်ပိုက်နက်အတွင်း ခြေကုပ်ရယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ပြောခဲပါတယ်။
(ပါကစ္စတန်မှာ ဖမ်းဆီးခံခဲ့ရသည့် အိန္ဒိယတိုက်လေယာဉ်မှူး) (Photo: Reuters)
ထို့နောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွက် Balakot မြို့ငယ်တဝိုက်ရှိ JeM စစ်သွေးကြွစခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ JeM စခန်းကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောထားခဲ့ပြီး ပါကစ္စတန်ကတော့ ယခုတိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဖဖေါ်ဝါရီ ၂၇ ရက်မှာတော့ ပါကစ္စတန်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေ လေပိုင်အနက်အတွင်းမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ လေယာဉ်မှူးကို မတ်လ ၁ ရက် ညပိုင်းမှာ ပါကစ္စတန်က ပြန်လွှတ်ပေးခဲ့ပါတယ်။