နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

တင်းမာမှုတွေ မြင့်တက်နေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယလေတပ် တိုက်လေယာဉ်နှစ်စီးကို ပစ်ချလိုက်ကြောင်း ပါကစ္စတန်နိုင်ငံက ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ပြောကြားလိုက်ပါတယ်။

(အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်) (Photo: AFP)

နှစ်နိုင်ငံ အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသရဲ့ ပါကစ္စတန်လေပိုင်နက်အတွင်းမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ချခံရတဲ့ အိန္ဒိယလေယာဉ်နှစ်စီးအနက် တစ်စီးဟာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးကို ဖမ်းဆီးထားကြောင်း ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ကြောင်း BBC သတင်းမှာဖော်ပြပါတယ်။



နောက်ထပ် လေယာဉ်တစ်စီးကတော့ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်တွေပစ်ချခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဘက်က ထုတ်ပြန်ပြောဆိုမှု မရှိသေးပါဘူး။ လက်ရှိ အခြေအနေအရ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ပါကစ္စတန်ကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။

(ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာသည့် အိန္ဒိယတိုက်လေယာဉ်မှူး ဖမ်းခံခဲ့ရသည်ပုံ) (Photo: AFP)

ပါကစ္စတန် တိုက်လေယာဉ်တွေက အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေ လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့ကို နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့ အိန္ဒိယသတင်းရင်းမြစ်တွေက ဆိုပါတယ်။ အိန္ဒိယက ပါကစ္စတန်ပိုင်နက်အတွင်း Balokot မြို့ငယ်တဝိုက်မှာ ခြေကုပ်ယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွစခန်းကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ထိုလုပ်ရပ်အပေါ် တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်က ပြောထားခဲ့ပါတယ်။

(အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်) (Photo: AFP)

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် JeM စစ်သွေးကြွအုပ်စုက ပြောခဲ့ပါတယ်။ JeM စခန်းကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောထားခဲ့ပြီး ပါကစ္စတန်ကတော့ ယခုတိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ 

(အိန္ဒိယလေတပ် တိုက်လေယာဉ်များ) (Photo: EPA-EFE)

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ဖူးပြီး တစ်ကြိမ်ကတော့ ကက်ရှ်မီးယားအရေးကြောင့် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ လေကြောင်တိုက်ခိုက်မှုဟာ ၁၉၇၁ ခုနှစ်မှာ နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားကို ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(လတ်တလော တိုက်ခိုက်မှုဖြစ်ပွားရာပြ မြေပုံ) (Photo: Daily Mail)

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုဖြစ်စဉ်များ

သြဂုတ် ၁၉၆၅ - ကက်ရှ်မီးယားအရေး နောက်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉၇၁ - အိန္ဒိယက အရှေ့ပါကစ္စတန်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယလေတပ်က နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကြားဝင်ဆောင်ရွက်မှုဖြင့် စစ်ပွဲပြီဆုံးခဲ့ပါတယ်။

မေလ ၁၉၉၉ - ပါကစ္စတန်စစ်သားများနဲ့ စစ်သွေးကြွများက Kargil တောင်တန်းရှိ အိန္ဒိယစစ်တပ် ကင်းစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယက ဝေဟင်နဲ့မြေပြင် တိုက်ခိုက်မှုများဖြင့် ကျူးကျော်သူတွေက ပြန်ဆုတ်ခွာစေခဲ့ပါတယ်။

အောက်တိုဘာ၊ ဒီဇင်ဘာ ၂၀၀၁ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ၂ လအကြာ ဒီဇင်ဘာလအတွင်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။

(ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားမှု) (Map: AFP)

နိုဝင်ဘာ ၂၀၀၈ - မွမ်ဘိုင်းမြို့ရဲ့ အဓိက မီးရထားဘူတာရုံ၊ ဇိမ်ခံဟိုတယ်နဲ့ ဂျူးယဉ်ကျေးမှုဌာနတို့ကို စစ်သွေးကြွများ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ Lashkar-e-Taiba စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယက ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၀၁၆ - Pathankot မြို့ရှိ အိန္ဒိယ လေတပ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက လေးရက်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ခုနစ်ဦးနဲ့ စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၈၊ ၂၀၁၆ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

(အိန္ဒိယစစ်သားများ လိုက်ပါလာသည့်ဘတ်စ်ကား အသခေံဗုံးခွဲတိုက်ခိုက်ခံရမှု) (Photo: PTI)

စက်တင်ဘာ ၃၀၊ ၂၀၁၆ - အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်းရှိ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ထိုသို့ တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၉ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း အိန္ဒိယစစ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နယ်အတွင်းရှိ JeM စစ်သွေးကြွစခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က