ကမ္ဘာတစ်ဝန်း အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် COVID-19 ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ယနေ့ (ဩဂုတ် ၂၂ ရက်) ထုတ်ပြန်မှုအရ နောက်ထပ် ကူးစက်လူနာသစ် ၆၉,၈၇၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။
(Photo: Reuters)
အိန္ဒိယမှာ နေ့အလိုက် COVID-19 ကူးစက်မှုဟာ လေးရက်ဆက်တိုက် ၆၀,၀၀၀ အထက်မှာ ဖြစ်နေခဲ့ပြီး ယနေ့ညပိုင်းအထိ Worldometers ဝက်ဘ်ဆိုက်က ဖော်ြပထားမှုအရ ကူးစက်ခံရသူ စုစုပေါင်း ၃ သန်းကျော်လွန်ပြီလည်း ဖြစ်ပါတယ်။ COVID-19 ကြောင့် အိန္ဒိယမှာ သေဆုံးသူဦးရေဟာလည်း ယနေ့မှာ ၉၄၅ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၅၅,၇၉၄ ဦးရှိလာပါတယ်။
အိန္ဒိယမှာ အဓိက ဘာသာရေးပွဲတော်တစ်ခု စတင်ပြီဖြစ်ရာ အာဏာပိုင်တွေအနေနဲ့ ကူးစက်မှုထိန်းချုပ်ရေး အလွန်များပြားတဲ့ လူစုလူဝေးကို ဟန့်တားရန် ဖိအားကြုံနေခဲ့ရပါတယ်။ ယခုလအတွင်း အန္ဒိယအနောက်ပိုင်း နေရာအများစု အထူးသဖြင့် စီးပွာရေးမြို့တော် မွမ်ဘိုင်းမြို့မှာ ၁၁ ရက်ကြာတဲ့ Ganesh ဆင်နတ်ဘုရားပွဲတော်ကို ကြီးမားတဲ့ လူစုလူဝေးဖြင့် နှစ်စဥ် ပုံမှန်ကျင်းပလေ့ရှိပါတယ်။
(Photo: Reuters)
သို့သော် ယခုနှစ်မှာတော့ တင်းကျပ်တဲ့ COVID-19 ထိန်းချုပ်ရေး စည်းမျဥ်းစည်းကမ်းတွေက ဆင်နတ်ဘုရားပွဲတော်ကို ယခင်ကလောက် စည်ကားစွာ ကျင်းပပြုလုပ်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ မွမ်ဘိုင်းမြို့မှာလည်း ကူးစက်မှုတွေ တစ်ရက်လျှင် ၁,၀၀၀ အထက် တွေ့ရှိနေရပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၃၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ COVID-19 ကူးစက်မှု ၂၃ သန်း ကျော်လွန်ခဲ့ပြီး သေဆုံးသူအရေအတွက် ၈၀၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၅.၇ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
(Image: Worldometers webpage screengrab)
ထိုအတောအတွင်း တစ်ကမ္ဘာလုံးက ညီညီညွတ်ညွတ်ရှိပြီး ကာကွယ်ဆေးတစ်ခု တွေ့ရှိလာပါက COVID-19 ကပ်ရောဂါဟာ ၂ နှစ်အတွင်း ပြီးဆုံးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားခဲ့ဖူးတဲ့ စပိန်တုပ်ကွေးရောဂါဟာ ၂ နှစ်ကျော်အကြာမှာ ပြီးဆုံးသွားခဲ့ပြီး COVID-19 ဟာ ထိုမျှလောက်အထိ ကြာမြင့်မှာမဟုတ်ဘူးလို့ Tedros က ဆိုပါတယ်။