နေ့စဉ် လူနေမှုအတွက် လိုအပ်သမျှတွေ ပြတ်လပ်နေပါတယ်။

စီးပွားရေးပျက်ယွင်းနေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ မာရာကိုင်ဘိုမြို့မှာ သေပြီးသားလူတွေပင် မလုံခြုံဘဲ သူခိုးလက်က မလွတ်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

(El Cuadrado သုဿန်မှာ ဖောက်ထွင်းခိုးယူခံထားရမှု) (Photo: AP)

ဆင်းရဲတွင်းနက်သည်ထက်နက်လာတဲ့ ဗင်နီဇွဲလားနိုင်ငံ မာရာကိုင်ဘိုမြို့ရဲ့ El Cuadrado သုဿန်ရှိ ကွယ်လွန်သူတွေ မြှုပ်နှံထားရာ မြေပုံနဲ့အခေါင်းအချို့ကို ယမန်နှစ် နှစ်ကုန်ပိုင်းမှစပြီး တူးဖော်ဖောက်ထွင်း ခိုးယူမှုတွေရှိနေခဲ့ပါတယ်။ သူခိုးတွေက အခေါင်းထဲရှိ အဆင်တန်ဆာနဲ့ တစ်ခါတရံ အလောင်းတွေထံမှ ပစ္စည်းတွေကိုပါ ခိုးယူကြတယ်လို့ ဆိုပါတယ်။



"လွန်ခဲ့တဲ့ ၈ လကစပြီး ဒီလို ခိုးယူတာတွေ ဖြစ်နေခဲ့ပါတယ်၊ သူတို့က အလောင်းတွေဆီကနေ ရွှေသွားပါမကျန် ခိုးယူကြတာ" လို့ သုဿန်မှ တာဝန်ရှိသူ Jose Antonio Ferrer က ပြောပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုနီးပါးကတည်းကရှိခဲ့တဲ့ အဆိုပါ သုဿန်မှာ ဗင်နီဇွဲလားမှာ ထင်ရှားတဲ့ ဆရာဝန်တစ်ဦး၊ တက္ကသိုလ်ညွှန်ကြားရေးမှူးတစ်ဦးနဲ့ အခြား ဒေသခံ အထင်ကရ ပုဂ္ဂိုလ်တွေကို မြှုပ်နှံထားတယ်လို့ AP သတင်းဌာနက ပြောပါတယ်။

(သူခိုး ဖောက်ထွင်းခိုးယူသွားသည့် အုတ်ဂူတစ်ခု) (Photo: Mario Perez)

ဗင်နီဇွဲလားမှာ စီးပွားရေချွတ်ခြုံကျနေမှုကြောင့် ငွေ၊ အစားအစာ၊ ရေ၊ ဆေးဝါး၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီ အပါအဝင် နေ့စဉ် လူနေမှုအတွက် လိုအပ်သမျှတွေ ပြတ်လပ်နေပါတယ်။ ဗင်နီဇွဲလားရဲ့ ဒုတိယအကြီးဆုံးမြို့နဲ့ တစ်ချိန်က ရေနံတူးဖော်ရေးလုပ်ငန်းဖြင့် အဆင်ပြေခဲ့တဲ့ မာရာကိုင်ဘိုမြို့ဟာ လက်ရှိမှာတော့ ဆင်းရဲမွဲတေမှုအတိ ဖြစ်နေတယ်လို့ဆိုပါတယ်။

ယခုနှစ် မတ်လအတွင်းကလည်း ဗင်နီဇွဲလားတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့စဉ် မာရာကိုင်ဘိုမြို့ ဖောက်ထွင်းလုယက်မှု၊ ရာနဲ့ချီတဲ့ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းနေရာများ ဖျက်ဆီးခံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗင်နီဇွဲလား အာဏာပိုင်တွေကတော့ ထိုသို့ဖြစ်ပွားမှုဟာ ရာဇဝတ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

(ဖောက်ထွင်းခိုးယူခံရသည့် အုတ်ဂူများ) (Photo: Mario Perez)

စီးပွားရေးပျက်ယွင်းနေတဲ့ ဗင်နီဇွဲလားကနေ လတ်တလော နှစ်များအတွင်း လူဦးရေ လေးသန်းအထိ စွန့်ခွာသွားကြကြောင်းလည်း သိရပါတယ်။ မာရာကိုင်ဘိုမြို့ဟာ ဗင်နီဇွဲလားမှ ရွှေ့ပြောင်းလာသူ လေးပုံတစ်ပုံကျော်ကို လက်ခံထားတဲ့ ကိုလံဘီယာနိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးပျက်ယွင်းနေမှုကြောင့် လူဆိုးဂိုဏ်းဝင်တွေလည်း ကျည်ဆန်ဝယ်ယူနိုင်ရေး ရုန်းကန်နေရပြီး ခိုးယူ၊ လုယက်ရမယ့်ပစ္စည်း ရှာမတွေ့နိုင်ဖြစ်နေကြကြောင်းလည်း AP သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။ AP သတင်းထောက်က ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မြို့ ဆင်ခြေဖုံးအရပ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Petare ပျံကျရပ်ကွက်မှာ လူဆိုးဂိုဏ်းဝင်နှစ်ဦးနဲ့ တွေ့ဆုံစကားပြောခဲ့တယ်လို့ ဆိုပါတယ်။

(ဗင်နီဇွဲလားသမ္မတ မတ်ဒူရို) (Photo: AVN)

ဗင်နီဇွဲလားမှာ စီးပွားရေးပြိုလဲသွားရမှုဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟူဂိုချာဗက် ဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရရဲ့ စီးပွားရေးမူဝါဒအမှားများ၊ စီမံခန့်ခွဲမှုအမှားများနဲ့ အဂတိလိုက်စားမှုများကြောင့်ဖြစ်ကြောင်း အတိုက်အခံတွေက အပြစ်တင်ခဲ့ကြပါတယ်။

ဟူဂိုချာဗက် ကွယ်လွန်ပြီးနောက် သမ္မတဖြစ်လာခဲ့တဲ့ နီကိုလက်စ် မတ်ဒူရိုကတော့ ဗင်နီဇွဲလားရဲ့ လက်ရှိပြဿနာတွေဟာ အမေရိကန်က စီးပွားရေးစစ်ပွဲ ဆင်နွှဲခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ စီးပွားရေးပျက်ယွင်းနေခဲ့ပေမဲ့လည်း သမ္မတမတ်ဒူရိုက ယမန်နှစ် ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံခဲ့ရပါတယ်။

(ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို) (Photo: AVN)

သို့သော် အမေရိကန် အပါအဝင် အခြားနိုင်ငံ အများအပြားကတော့ လူထုထောက်ခံမှု အခိုင်အမာရရှိထားတဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့တာကြောင့် ယမန်နှစ် ရွေးကောက်ပွဲမှာ မတ်ဒူရို အနိုင်ရမှုဟာ တရားမဝင်ကြောင်း သတ်မှတ်ပြောဆိုခဲ့ကြပါတယ်။ အမေရိကန်နဲ့ အခြား နိုင်ငံအများအပြားက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုကို အားပေးထောက်ခံခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဗင်နီဇွဲလားမှာ ဂျူအန်ဂွိုင်ဒိုက အာဏာသိမ်းရန် ကြိုပမ်းခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က