ဖေဖေါ်ဝါရီ ၂၇ ရက် ညနေမှာ တွေ့ဆုံကြမှာပါ။
ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ နှစ်ဦးလုံး ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
(ဟနွိုင်းကိုရောက်ရှိလာသည့် အမေရိကန်သမ္မတထရန့်) (Photo: AFP)

ကင်မ်ဂျုံအန်က မိုင် ၂၅၀၀ နီးပါး ခရီးရှည်ကို ရထားစီးလာခဲ့ပြီးနောက် ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) မနက်ပိုင်းမှာ ဗီယက်နမ်နယ်စပ်ရှိ Dong Dang ဘူတာရုံကို ရောက်ရှိလာခဲ့ပြီး ထိုမှတစ်ဆင့် ထိပ်သီးဆွေနွေးပွဲ ပြုလုပ်မယ့် ဟနွိုင်းမြို့ကို ယာဉ်တန်းဖြင့် သွားရာက်ခဲ့ပါတယ်။ ထရန့်ကတော့ Air Force One လေယာဉ်ဖြင့် ဟနွိုင်းမြို့ကို ဒေသစံတော်ချိန် ယနေ့ည ၉ နာရီမှာ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။



ထရန်နဲ့ကင်မ်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းမြို့ရှိ Metropole ဟိုတယ်မှာ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားသတင်းဌာန Younhap က ဆိုပါတယ်။ အစောပိုင်းမှာတော့ ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်အစိုးရဧည့်ဂေဟာမှာ ပြုလုပ်မယ်လို့ သတင်းထွက်ပေါ်ခဲ့တာလည်း တွေ့ရပါတယ်။

(ဟနွိုင်းမြို့ရှိ Metropole ဟိုတယ်) (Photo: AFP)

ထရန့်နဲ့ကင်မ်တို့ဟာ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ညနေမှာ စတင်တွေ့ဆုံကြမှာဖြစ်ပြီး ၎င်းတို့ရဲ့ ထိပ်တန်းအရာရှိနှစ်ဦးစီနဲ့ စကားပြန်များ ပါဝင်မယ်လို့ ဆိုပါတယ်။ ထို့နောက် Metropole ဟိုတယ်မှာ အတူတကွ ညစာသုံးဆောင်ကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဆာရာစန်းဒါးစ်က သတင်းထောက်တွေကို ပြောခဲ့တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

ကြာသပတေးနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာလည်း သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ထပ်မံ တွေ့ဆုံဆွေးနွေးကြမယ်လို့ သူမက ဆက်လက်ပြောပါတယ်။ ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအပြီး ၈ လအကြာမှာ နောက်တစ်ကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

(ဟနွိုင်းမှာ သမ္မတထရန့်ကို ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုခဲ့စဉ်) (Photo: AFP)

ယမန်နှစ် ဇွန်လအတွင်း စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

(ဗီယက်နမ်ကိုရောက်ရှိလာသည့် ကင်မ်ဂျုံအန်) (Photo: AFP)

ယခုတစ်ကြိမ် ဗီယက်နမ်မှာပြုလုပ်မယ့် ထရန်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှုအတွင်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်မှုတွေလည်း မြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးတို့ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်ရရှိနိုင်ကြောင်း တောင်ကိုရီးယားက ပြောခဲ့ပြီးနောက် ထိုသို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က