အပူပိုင်းမုန်တိုင်း စင်လာကူကြောင့် ထိုင်းနိုင်ငံရှိ ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး နေအိမ်အလုံးရေ ရာနဲ့ချီ မျောပါသွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အပူပိုင်းမုန်တိုင်းစင်လာကူ (Sinlaku) တိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံရှိ ပြည်နယ် ၁၈ ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဩဂုတ် ၂ ရက်နေ့က ကျေးလက်ဒေသများရှိ နေအိမ်များအတွင်း ရွှံ့နွံများနဲ့ ခါးအထိရောက်တဲ့ရေများ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် မိသားစု ၂,၀၀၀ ကျော် နေအိမ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။



ရေကြီးမှု အဆိုးဆုံးဖြစ်ပွားတဲ့ Loei ပြည်နယ်မှာ စစ်သားတွေက လှေငယ်များသုံးပြီး ရွာသားတွေကို ကယ်ဆယ်ခဲ့ကာ အကူအညီပစ္စည်းများ ဝေငှပေးခဲ့ပါတယ်။ ယနေ့ (ဩဂုတ် ၃ ရက်) မနက်ပိုင်းမှာ ဒေသခံတွေက မုန်တိုင်းကြောင့် ပြိုလဲကျခဲ့တဲ့ သစ်ပင်များ၊ လျှပ်စစ်မီးတိုင်များနဲ့ အဆောက်အအုံအချို့မှ လွင့်ထွက်လာတဲ့ အမိုးများအပါအဝင် အပျက်အစီး အမှိုက်သရိုက်တွေကို ရှင်းလင်းနေခဲ့ကြောင်း သိရပါတယ်။

(Photo: Bernama)

"ရေကြီးတာက အရမ်းမြန်တယ်၊ ကျွန်မတို့ မိသားစု ဘာတစ်ခုမှ ယူချိန်မရလိုက်ဘူး" လို့ ရေကြီးမှုကြုံခဲ့ရတဲ့ Rattiya Panich က ပြောပါတယ်။ ရုတ်တရက် ရေကြီးမှုအတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စင်လာကူမုန်တိုင်းဟာ လာအိုနဲ့ ဗီယက်နမ်မှာလည်း ဖြတ်သန်းတိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်ကို ဖြတ်သန်းတိုက်ခတ်စဥ် Hoa Binh နဲ့ Quang Ninh ပြည်နယ်တွေမှာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း Voice of Vietnam သတင်းက ဖော်ြပပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ဗီယက်နမ်မြောက်ပိုင်း တောင်တန်းထူထပ်တဲ့ ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဗီယက်နမ်ရဲ့ နေရာဒေသအချို့မှာ ယနေ့မှ ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၅ ရက်) အထိ မိုးရေချိန် ၁၆ လက်မခန့်အထိ ရွာသွန်းနိုင်တယ်လို့ Vietnam Disaster Management Authority က ဆိုပါတယ်။ ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ အဆိုအရ အပူပိုင်းမုန်တိုင်း စင်လာကူဟာ ယနေ့မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးသတင်းအရ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းမှာ ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ စင်လာကူမုန်တိုင်းအကြွင်းအကျန်ဟာ မြန်မာနိုင်ငံကို ယနေ့ စတင်ဝင်ရောက် တိုက်ခတ်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကိုခံစားရနိုင်တယ်လို့ မိုးဇလဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကို ပြောပါတယ်။

(ရန်ကုန်-ထားဝယ်ကားလမ်းရေကျော်နေစဉ်) (Photo: MFSD)

ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် အစရှိတဲ့ ဒေသအများစုကတော့ မုန်တိုင်းဒဏ်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေကြောင်း သိရပါတယ်။ 

Share

Loading Next Article...
က္က