ထိုင်းနိုင်ငံက ပိုမိုဈေးသက်သာတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် ကြိုးပမ်းနေပါတယ်။

ထိုင်းနိုင်ငံမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်မှာစမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ယခုအခါ မျောက်တွေမှာ စမ်းသပ်ထားပြီလို့ သုတေသီတွေက မေ ၂၅ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံက ပိုမိုဈေးသက်သာတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် ကြိုးပမ်းနေတာဖြစ်ပြီး မေ ၂၃ ရက်နေ့က ပထမအုပ်စု မျောက် ၁၃ ကောင်ကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံထုတ် ကာကွယ်ဆေးဟာ ဥရောပ သို့မဟုတ် အမေရိကန်ထုတ် ကာကွယ်ဆေးထက် ပိုမိုဈေးသက်သာမယ်လို့ မျှော်လင့်ကြောင်း စမ်းသပ်မှုကို ကြီးကြပ်ခဲ့သူ National Primate Research Center of Thailand မှ ဒေါက်တာ Suchinda Malaivitjitnond က ဆိုပါတယ်။



ယခု ကာကွယ်ဆေးထုတ်လုပ်မှုကို National Vaccine Institute, Department of Medical Science နဲ့ Chulalongkorn တက္ကသိုလ်ရဲ့ ကာကွယ်ဆေးသုတေသနဌာနတို့မှ ထိုင်းသုတေသီတွေက အမေရိကန် ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်နဲ့ ပူးပေါင်းလုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)

ထိုင်းမှာထုတ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ Messenger RNA (mRNA) ကို အခြေခံတဲ့ နည်းပညာသစ်အသုံးပြုထားပါတယ်။ mRNA ဟာ ကာကွယ်ဆေးပြုလုပ်ရာမှာ ယခင်က အသုံးမပြုခဲ့ဖူးတဲ့ မျိုးရိုးဗီဇပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ mRNA က ခန္ဓာကိုယ်ဆဲလ်တွေကို antigen များ ထုတ်လုပ်စေရန် လှုံ့ဆော်ပေးပြီး အဆိုပါ antigen က ကိုယ်ခံအားစနစ် တုံ့ပြန်လုပ်ဆောင်မှုကို နှိုးဆွဖြစ်ပေါ်စေပါတယ်။

မျောက်တွေမှာ ကာကွယ်ဆေးစမ်းသပ်မှု အဆင်ပြေခဲ့ပါက လာမယ့် အောက်တိုဘာလအတွင်း လူတွေမှာ စမ်းသပ်နိုင်မယ်လို့ Chulalongkorn တက္ကသိုလ်ရှိ Chula Vaccine Research Center အကြီးအကဲ ဒေါက်တာ Kiat Ruxrungtham က ပြောပါတယ်။ "ကျွန်တော်တို့ မျှော်မှန်းတာက ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေက ကာကွယ်ဆေးဝယ်နိုင်စေဖို့ပါ" လို့ ၎င်းကဆိုပါတယ်။

(Photo: Reuters)

ထိုင်းမှာထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်မှာ အသုံးပြုနိုင်ရန် မျှော်လင့်ကြောင်း အစိုးရရဲ့ Centre for COVID-19 Situation Administration မှ ပြောခွင့်ရအမျိုးသား Taweesin Wisanuyothin က မေ ၂၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ကာကွယ်ဆေးတစ်ခု အတည်ပြုထုတ်လုပ်ရန် အနည်းဆုံး ၁၂ လ ကြာမြင့်လိမ့်မယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဧပြီလအတွင်း ပြောထားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့် ဖြစ်ပေါ်လာတဲ့ COVID-19 ရောဂါအတွက် ကာကွယ်ဆေးအမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်နေပြီး ၎င်းတို့အနက် အနည်းဆုံး ၈ မျိုးကို လူတွေမှာ စမ်းသပ်နေကြောင်း WHO အချက်အလက်တွေအရ သိရှိရပါတယ်။

(Photo: Reuters)

ယခု သီတင်းပတ်အတွင်းမှာပင် အမေရိကန်အခြေစိုက် Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်နေတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး mRNA-1273 ကို လူတွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့မှုအရ အလားအလာကောင်းတဲ့ အစောပိုင်းရလဒ်များ တွေ့ရှိရကြောင်း မေ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကိုလည်း မျောက်တွေမှာ စမ်းသပ်ခဲ့ရာ ရောဂါကာကွယ်ခဲ့တယ်လို့ မေ ၁၄ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး BNT162 ကို လူတွေမှာ စမ်းသပ်ထားပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအရောက်မှာ လူဦးရေ သန်းနဲ့ချီ ကာကွယ်ဆေးရရှိနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ထုတ်ပြန်ထားပါတယ်။ 

Share

Loading Next Article...
က္က