ဩစတြေးလျဖက်ရှင်အမှတ်တံဆိပ်တစ်ခုနဲ့ ပေါင်းပြီး Samsung ဟာ အိတ်ကပ်တစ်ခုတည်းပါတဲ့ Jeans ဘောင်းဘီတစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။
Samsung နဲ့ Dr Denim အမှတ်တံဆိပ်တို့ပူးပေါင်းပြီး Z Flip Pocket Denim နာမည်နဲ့ Limited Edition Jeans ဘောင်းဘီတစ်မျိုးကို ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီ Jeans မှာ အိတ်ကပ်တစ်ခုပဲ ပါပြီး အဲ့ဒီအိတ်ကပ်ကလည်း Galaxy Z Flip မော်ဒယ်တွေ ထည့်ဖို့အတွက် သီးသန့်ရည်ရွယ်ထားတာပါ။ Galaxy Z Flip စီးရီးဟာ clamshell ယောက်သွားခွံပုံစံ ခေါက်သိမ်းမှုနဲ့လာတဲ့ Foldable ဖုန်းလည်း ဖြစ်ပါတယ်။
Photo: GSMArena
Dr Denim နဲ့ ပေါင်းပြီး ထုတ်လိုက်တဲ့ Z Flip Pocket Denim ဘောင်းဘီဟာ Galaxy Z Flip 3 ရောင်းအားမြှင့်တင်ရေးရဲ့အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ Samsung Mobile ရဲ့ ကုန်အမှတ်တံဆိပ်ကြော်ငြာရေးအကြီးအကဲ ဟေလီဝေါ်လတန်က "စမတ်ဖုန်းတွေဟာ အိတ်ကပ်နဲ့ အဆင်မပြေတတ်ကြဘူး"လို့ ပြောပါတယ်။ ဒါကြောင့်ပဲ Flip 3 အတွက် အဆင်ပြေတဲ့ အိတ်ကပ်ပါ Jeans Pant ထုတ်လိုက်တဲ့သဘော ဖြစ်ပါတယ်။
ဒီ Jeans ဘောင်းဘီမှာ ပုံမှန် Jeans Pant တွေလို အနောက်နဲ့ ရှေ့က အိတ်ကပ်တွေ ထည့်မပေးထားဘဲ ညာဘက်အရှေ့နားမှာပဲ Galaxy Z Flip 3 ခေါက်သိမ်းထားတဲ့ ဆိုဒ်နဲ့ အဆင်ပြေမယ့် အိတ်ကပ်ခပ်ကျပ်ကျပ်တစ်ခု ထည့်ပေးထားတာပါ။ Z Flip Pocket Denim Jean ဘောင်းဘီအထည် ၄၅၀ ပဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်ထည်ကို ဩစတြေးလျဒေါ်လာ ၁၄၀၀ / ကန်ဒေါ်လာ ၁၁၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၂၀ ခန့်) ကျသင့်မှာပါ။
Photo: GSMArena
စိတ်ဝင်စားစရာတစ်ခုက ဒီဘောင်းဘီဝယ်သူတိုင်း 128 GB မော်ဒယ် Galaxy Z Flip 3 တစ်လုံးအလကားပေးသွားမယ်လို့ ဆိုပါတယ်။ Galaxy Z Flip 3 ကို Cream , Black ၊ Green ၊ Lavender စတဲ့ original ကာလာ ၄ ရောင်ထဲကနေ ရွေးချယ်နိုင်မှာပါ။ ဩဂုတ်လထဲမှာ ကြေညာခဲ့စဉ်က Galaxy Z Flip 3 တစ်လုံးကို ဒေါ်လာ ၁၀၀၀ ဈေးနဲ့ စတင်ရောင်းချခဲ့တာ ဖြစ်လို့ နောက်ထပ် ဒေါ်လာ ၁၀၀ ပေးပြီး ဖုန်းနဲ့ Jeans Pant ဝယ်ရသလို ဖြစ်မှာပါ။
ဘောင်းဘီဒီဇိုင်း မကြိုက်သူတွေအတွက်တော့ Galaxy Z Flip 3 ပဲ သီးသန့်ဝယ်တာ ပိုအဆင်ပြေမယ်လို့ ပြောရမှာ ဖြစ်ပါတယ်။